1. Home
  2. International News

တောင်ကိုရီးယားက ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြတဲ့ ဘုန်းကြီး စိုးရိမ်ရ

International News ม.ค. 09, 2560 view 1,429

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတကို ဆန့်ကျင် ဆန္ဒပြပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တဲ့ တောင်ကိုရီးယား ဘုန်းကြီးဟာ အသက်မသေခဲ့ပေမယ့် ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပါတယ်။ ကိုရီးယား အမျိုးသမီးတွေကို ဂျပန်က ဒုတိယ ကမ္ဘာစစ်အတွင်း လိင်ကျွန်ပြုခဲ့တာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား သမ္မတက ဂျပန်နဲ့ ၂၀၁၅ ခုနှစ်က နစ်နာကြေးဆိုင်ရာ သဘောတူမှုလုပ်ခဲ့တာကို ဒီ ဗုဒ္ဓဘာသာ ဘုန်းကြီးက ဆန္ဒပြခဲ့တာ ဖြစ်ပြီး သမ္မတ မစ် ပတ်ဂွန်ဟေးဟာ နိုင်ငံတော် သစ္စာဖောက်လို့ သမုတ်ခဲ့ပါတယ်။

တောင်ကိုရီးယားဟာ မကြာသေးခင်ကပဲ ကိုရီးယား အမျိုးသမီးတွေ လိင်ကျွန်ပြုခံရတဲ့ အထိမ်းအမှတ် ကြေးရုပ်တုကို ဂျပန်သံရုံးနားမှာ ထားရှိခဲ့တဲ့အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ဒီရုပ်တုကို ပြန်ရွှေ့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အစောပိုင်းကလည်း ဂျပန်နိုင်ငံဟာ ဒီကိစ္စကြောင့် တောင်ကိုရီးယားက သူတို့ သံအမတ်ကို ပြန်ခေါ်ခဲ့ပါတယ်။ တောင်ကိုရီးယားဟာ အခုလို တမီတာခွဲ အမြင့်ရှိတဲ့ ဖိနပ်မပါ ခြေဗလာနဲ့ အမျိုးသမီးကြေးရုပ်ကို ဘူဆန်မြို့က ဂျပန် သံရုံးနားမှာ လာထားတာဟာ ၂၀၁၅ က ကျေအေးဖို့ သဘောတူထားတာကို ချိုးဖောက်ခြင်းတခုပဲလို့လည်း ဂျပန်ဘက်က ဝေဖန်ခဲ့ပါတယ်။

ဒီလို နှစ်နိုင်ငံ ကျေအေးဖို့ သဘောတူခဲ့တဲ့အချိန်က ဂျပန်ရဲ့ လိင်ကျွန်ပြုခံရတဲ့ အမျိုးသမီး ၄၆ ယောက်ဟာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာ အသက်ရှင်နေသေးပြီး တောင်ကိုရီးယားနဲ့ သဘောတူမှုအရ ဂျပန်က ဒီကိစ္စအတွက် လျော်ကြေးပေးပြီး တောင်းပန်မှုလည်း လုပ်ခဲ့တာ ဖြစ်ပါတယ်။

Credit : BBC Burmese



Follow us on