1. Home
  2. International News

မြောက်ကိုရီးယား ဒုံးကျည်များကို စောင့်ကြည့်ရန် အမေရိကန်က ရေဒါစနစ်တစ်ခု

International News ม.ค. 12, 2560 view 1,854

မြောက်ကိုရီးယား တိုက်ချင်းပစ် ဒုံးကျည်အန္တရာယ်ကို ပထမဆုံးအကြိမ် ထိထိရောက်ရောက် အရေးယူကာကွယ်တုံ့ပြန်မှုအဖြစ် ဟာဝိုင်ယီတွင် အမေရိကန်က ရေဒါစနစ်တစ်ခုကို စတင်ဖြန့်ကျက်လိုက်ကြောင်း သိရသည်။ မြောက်ကိုရီးယား အစိုးရက အမေရိကန် ပိုင်နက်ထိ တိုက်ခိုက်နိုင်သည့် တာဝေးပစ်တိုက်ချင်းပစ် ဒုံးကျည်များ စမ်းသပ်ရန် အသင့်အနေအထားရှိနေပြီဟု ကြေညာခဲ့ပြီးနောက် အမေရိကန်ဘက်က ပင်လယ်ပြင် အခြေစိုက် SB-X ရေဒါကို ဖြန့်ကျက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် စစ်တပ်က မြောက်ကိုရီးယားအနေဖြင့် တာဝေးပစ်ဒုံးကျည်များ တီထွင်နိုင်ခြင်း မရှိသေးဟု ယုံကြည်နေသည့်တိုင် ယင်းအဆိုနှင့် ပတ်သက်၍ အရေးကြီးသည့် မဟာဗျူဟာကာကွယ်ရေး အစီအစဉ်တစ်ရပ်ကို စတင် အကောင်အထည် ဖော်လာခြင်း ဖြစ်သည်။

SB-X ရေဒါကို ယခင်ကလည်း မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်၍ အလေးထား စောင့်ကြည့်ရန် ကာလတိုမျှ မကြာခဏ ဖြန့်ကျက် နေရာချခဲ့ဖူးသည်။ ယခုတစ်ကြိမ်မှာမူ ပင်လယ်ပြင်တွင် ကာလရှည်ကြာ ထားရှိမည်ဟု ယုံကြည်ရပြီး မည်သည့်အချိန်ထိ အခြေစိုက်ထားရှိမည်ကို အမေရိကန် စစ်တပ်က မကြေညာသေးချေ။ ပုံမှန်အားဖြင့် SB-X ရေဒါစနစ်ကို ဟာဝိုင်ယီ မြောက်ပိုင်းကမ်းလွန်တွင် နေရချထားလေ့ ရှိသည်။ ထိုရေဒါသည် မြောက်ကိုရီးယားမှ အမေရိကန်ပိုင် အလာစကာ၊ ဂူအမ်၊ သို့မဟုတ် အမေရိကန် အနောက်ဘက် ကမ်းခြေ ဒေသများသို့ ဦးတည်ပစ်လွှတ်သည့် ဒုံးကျည်များကို ထောက်လှမ်းနိုင်စွမ်း ရှိမည်ဟု သိရသည်။

အစောပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု ဖြစ်နိုင်ခြေကို စောင့်ကြည့်နေသော်လည်း အကယ်၍ အမေရိကန်၏ ပိုင်နက်ကို ခြိမ်းခြောက်ထိပါးမှု မရှိပါက ကြားဖြတ် ပစ်ချရန် ရည်ရွယ်မထားဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ SB-X ရေဒါကို ဖြန့်ကျက်ထားခြင်းဖြင့် မြောက်ကိုရီးယားက ဒုံးကျည် လက်တွေ့ စမ်းသပ်ချိန်တွင် အဆိုပါ ဒုံးကျည်နှင့် ပတ်သက်သည့် အချက်အလက်များကို အမေရိကန်က ပိုမို ထောက်လှမ်း စုဆောင်းယူနိုင်မည်ဟုလည်း သိရှိရသည်။

Credit : 7daydaily



Follow us on