တရုတ်နိုင်ငံရဲ့ အင်တာနက် အသုံးပြု ရောင်းဝယ်ရေး ဈေးကွက်မှာ အကြီးဆုံး ဖြစ်တဲ့ အလီဘာဘာ ကုမ္ပဏီရဲ့ အွန်လိုင်း ဒစ်ဂျစ်တဲလ် ငွေပေးချေရေး ဝန်ဆောင်မှု ကုမ္ပဏီ တခုဖြစ်တဲ့ အေအန်တီ ငွေကြေးဝန်ဆောင်မှု (Ant Financial) က အမေရိကန်အခြေစိုက် ငွေလွှဲ ကုမ္ပဏီ မန်းနီးဂရမ် (MoneyGram) ကို ဒေါ်လာ ၈၈၀ သန်း (ပေါင် ၇၀၀ သန်း) နဲ့ ဝယ်ယူလိုက်ပါတယ်။ မန်းနီးဂရမ် ဆိုင်ခွဲတွေဟာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ နီးပါးမှာ ဝန်ဆောင်မှု ပေးနေတဲ့ ဆိုင်ခွဲပေါင်း ၃၅၀,၀၀၀ ခန့် ရှိပါတယ်။ တရုတ် ကုမ္ပဏီရဲ့ သိမ်းယူမှုကို မန်းနီးဂရမ်ရဲ့ အမှုဆောင်လူကြီးများ ဘုတ်အဖွဲ့က သဘောတူညီ ထားပြီး ဖြစ်ပါတယ်။ အခု ဝယ်ယူမှုကို အမေရိကန် အစိုးရ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကော်မတီက အတည်ပြု ဖို့တော့ လိုပါသေးတယ်။ ဌာနပေါင်းစုံပါဝင်တဲ့ ဒီကော်မတီဟာ ပြည်တွင်းက အမေရိကန် လုပ်ငန်း ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားက ဝယ်ယူမှု ပြုလုပ်ရင် နိုင်ငံတော်လုံခြုံရေးအတွက် ပြန်လည် စိစစ်လေ့ရှိပါတယ်။
ဒီ ကုမ္ပဏီ နှစ်ခု ပူးပေါင်းမှုကြောင့် ကမ္ဘာတဝှမ်းက လူတွေဟာ ပိုမို လွယ်ကူ ရိုးရှင်းပြီ စိတ်ချရတဲ့ ငွေကြေးလွှဲပြောင်းမှု တွေ ပြုလုပ်နိုင်ပါမယ်၊ အထူးသဖြင့် အဓိက စီးပွားရေးရာ နိုင်ငံကြီးများ ဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ မက္ကစီကို၊ ဖိလစ်ပိုင် နိုင်ငံတွေ အတွက် အကျိုးရှိပါမယ်လို့ Ant Financial ရဲ့ အမှုဆောင် အရာရှိချုပ် အဲရစ်ဂျင်း က ပြောပါတယ်။ Ant Financial ဟာ တရုတ်နိုင်ငံရဲ့ ငွေပေးချမှု ဈေးကွက်မှာ နေရာ အများစု ယူထားတဲ့ ကုမ္ပဏီ တခုပါ။ အခု ပူးပေါင်းမှုကနေ နိုင်ငံခြား ဈေးကွက်ကိုလည်း ထိုးဖောက်လာနိုင်မယ့် သဘော ဖြစ်ပါတယ်။ တရုတ် ပြည်တွင်းမှာ Ant Financial ရဲ့ ပြိုင်ဘက် Tencents ကုမ္ပဏီ ရဲ့ WeChat ငွေပေးချေမှု လုပ်ငန်းကလည်း ကြီးထွားလာနေတဲ့ အချိန်ဖြစ်ပါတယ်။ အခု ဝယ်ယူမှု သတင်းကြောင့် အမေရိကန် ဈေးကွက်က မန်းနီးဂရမ်ရဲ့ ရှယ်ယာဈေးနှုန်းတွေ ၉ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါတယ်။
Credit : thithtoolwin