1. Home
  2. International News

ဂရိ စစ်သင်္ဘော က တူရကီ စစ်သင်္ဘော အား ခြောက်လှန့်မောင်းထုတ်

International News ม.ค. 30, 2560 view 1,486

- ဂရိ ရေတပ် တိုက်ခိုက်ရေး စစ်သင်္ဘော နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ တို့သည် Aegean ပင်လယ် ရှိ Imia ကျွန်း (တူရကီ နိုင်ငံ အခေါ် Kardak ကျွန်း) အနီး ပင်လယ်ပြင် တွင် တူရကီ နိုင်ငံ မှ စစ်သင်္ဘော တစ်စင်း ကို ခြောက်လှန့်မောင်းထုတ် ခဲ့ကြောင်း ဂရိ ကာကွယ်ရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး လွန်ခဲ့သည့် ၂၁ နှစ် က ထို ကျွန်းစု ပိုင်ဆိုင်မှု နှင့် ပတ်သက်၍ နှစ်နိုင်ငံ အကြား ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ဖူးသည်။

- ဂရိ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် တူရကီ နိုင်ငံ မှ စစ်သင်္ဘော တစ်စင်း သည် သင်္ဘောငယ် နှစ်စင်း ၏ ကာကွယ်မှု အောက်တွင် Imia ကျွန်း အနီးသို့ ချဉ်းကပ်ရန် ကြိုးပမ်းနေစဉ် ဂရိ ရေတပ် စစ်သင်္ဘော မှ သိရှိခဲ့ပြီး ခြောက်လှန့် မောင်းထုတ် ခဲ့ကြောင်း ၊ တူရကီ စစ်သင်္ဘော သည် ထိုရေပိုင်နက်တွင် ၇ မိနစ်ကြာ ရပ်နားထားသဖြင့် ဂရိ နိုင်ငံ အချုပ်အခြာ အာဏာ ကို ချိုးဖောက်ရာရောက်ကြောင်း ၊ ဂရိ ရေတပ်၏ ထွက်ခွာရန် အကြောင်းကြားမှုကိုရရှိခဲ့ပြီး နောက်တွင် ထွက်ခွာသွားကြောင်း ထုတ်ပြန် ခဲ့သည်။ တူရကီ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ အခင်းဖြစ်နေ့တွင် တူရကီ နိုင်ငံ စစ်ဦးစီးချုပ် Hulusi Akar သည် စစ်သင်္ဘော ပေါ်တွင် ရှိနေခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

- ၂၀၁၆ ခုနှစ် ဇူလှိုင် လတွင် တူရကီ နိုင်ငံ၌ ဖြစ်ပွားခဲ့သော မအောင်မြင်သည့် အာဏာသိမ်းမှုကြီး နှင့် ပတ်သက်မှုရှိကြောင်း သံသယ ရှိသော တူရကီ နိုင်ငံ မှ စစ်အရာရှိ ၈ ဦးကို တူရကီ နိုင်ငံ သို့ ပြန်လည် လွှဲပြောင်းပေးမည် မဟုတ်ကြောင်း ဂရိ နိုင်ငံ အမြင့်ဆုံး တရားရုံး က အမိန့်ချခဲ့ရာ ၄င်းဆုံဖြတ်ချက်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို တင်းမာစေခဲ့သည်။ တူရကီ နိုင်ငံ က ဆုံးဖြတ်ချက်သည် နိုင်ငံရေး ဆိုင်ရာ အကြောင်းအရင်း များကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန က နှစ်နိုင်ငံ ဆက်ဆံရေး ကို ပြန်လည် သုံးသပ်ရမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

- ဂရိ နိုင်ငံ က Imia ကျွန်း အား ပိုင်ဆိုင်ခြင်းသည် သံသယ ရှိရစရာ မလိုအပ်သော အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုဖြစ်ကြောင်း သတ်မှတ်ခဲ့သော်လည်း တူရကီ နိုင်ငံက မှု ထိုကျွန်းကို ပိုင်ဆိုင်မှု မသတ်မှတ်ရသေးသည့် ကျွန်းတစ်ခုဟု သတ်မှတ်ထားသည်။၁၉၉၆ ခုနှစ် ဇန်နဝါရီ လ တွင် နှစ်နိုင်ငံ စစ်သင်္ဘောတို့သည် ၄င်းကျွန်းအနီး ရေပြင်တွင် ထိပ်တိုက် တွေ့ဆုံ ခဲ့ကြပြီး နိုင်ငံတကာ အတိုင်းအဝိုင်း၏ တိုက်တွန်းမှု ကြောင့် နှစ်နိုင်ငံ စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာ သွားခဲ့ကြသည်။

Credit : thithtoolwin



Follow us on