1. Home
  2. International News

အထူးအမိန့်ကို အာခံသည့် ရှေ့နေချုပ်ကို ထရမ့် ရာထူးမှ ထုတ်ပယ်

International News ม.ค. 31, 2560 view 1,458

ဆယ်လီယိတ်စ်သည် သမ္မတဟောင်း ဘာရတ်အိုဘားမား လက်ထက်က ခန့်အပ်ခဲ့သူ ဖြစ်ပြီး သူမသည် ထရမ့်၏ လူဝင်မှု ကန့်သတ်ရေး အထူးအမိန့်ကို ဖီဆန် မေးခွန်းထုတ်ခဲ့သူ ဖြစ်သည်။ ထရမ့်လက်ထက်တွင် ရှေ့နေချုပ်သစ် ခန့်အပ်မှု မရှိသေးသောကြောင့် ယိတ်စ်သည် အစိုးရ၏ အဆင့်အမြင့်ဆုံး ဥပဒေ အကြံပေးအဖြစ် ဆက်လက် ရပ်တည်နေခြင်း ဖြစ်သည်။ ထရမ့်က အမေရိကန်၏ ဒုက္ခသည် လက်ခံမှု အစီအစဉ်များကို ဆိုင်းငံ့ထားရန် အထူးအမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သော်လည်း ယိတ်စ်က တရားရေး ဝန်ကြီးဌာနမှ ရှေ့နေများကို အဆိုပါ အမိန့် ပြဋ္ဌာန်းနိုင်မှု မရှိစေရေး ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့သည်။ အိမ်ဖြူတော်က ယိတ်စ်ကို ရာထူးမှ ထုတ်ပယ်သည့် သတင်းကို အတည်ပြုခဲ့ပြီး ယိတ်စ်သည် တရားရေး ဝန်ကြီးဌာနကို သစ္စာဖောက်ခဲ့ကြောင်း စွပ်စွဲ ဖော်ပြထားသည်။ ယိတ်စ်၏ နေရာတွင် ဗာဂျီးနီးယား အရှေ့ပိုင်းဒေသ အစိုးရရှေ့နေ ဒါနာ ဘိုယန်တေးက ယာယီ ရှေ့နေချုပ်အဖြစ် ကြားဖြတ် တာဝန်ယူထားမည် ဖြစ်သည်။

ယိတ်စ်သည် အိတ်ဖွင့်ပေးစာ တစ်စောင်ထဲတွင် သူမအနေဖြင့် ထရမ့်၏ အထူးအမိန့်မှာ တရားဥပဒေနှင့် လျော်ညီသည်ဟု မယုံကြည်ကြောင်း ပြောကြားထားသည်။ “ရှေ့နေချုပ် ရာထူးကို ကျွန်မ တာဝန်ယူထားသ၍ အငြင်းပွားစရာတွေနဲ့ အထူးအမိန့်ကို ကိုယ်စားပြုဖို့ တရားရေး ဝန်ကြီးဌာနက ပူးပေါင်းရပ်တည်မှာ မဟုတ်ပါဘူး”ဟု သူမက ဆိုသည်။ အိမ်ဖြူတော်ကမူ ယိတ်စ်သည် အမေရိကန် ပြည်သူများကို ကာကွယ်ရန် စီမံရေးဆွဲထားသည့် တရားဝင် အထူးအမိန့် တစ်ရပ်ကို ငြင်းဆန်ခြင်းဖြင့် တရားရေး ဝန်ကြီးဌာနကို သစ္စာဖောက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ “သမ္မတ ထရမ့်ဟာ ယိတ်စ်ကို သူ့ရဲ့ လုပ်ငန်းတာဝန်တွေကနေ အနားပေးလိုက်ပါပြီ”ဟု အိမ်ဖြူတော်၏ ပြန်ကြားရေး ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Credit : 7daydaily



Follow us on