1. Home
  2. International News

ပထမဆုံး အမျိုးသမီး သစ်ပင်လူသား ဖြစ်ဖွယ်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်က ကလေးငယ်

International News ก.พ. 01, 2560 view 1,536

အသက် ၁၀ နှစ် သမီး ဆာဟားနား ခါတွန်ရဲ့ မျက်နှာမှာ လွန်ခဲ့တဲ့ ၄ လက သစ်ခေါက် သဏ္ဌာန် ရှိ ကြွက်နို့ လို အဖုအထစ် တခု ထွက်လာချိန်မှာ သူမ ဖခင်က စိုးရိမ်မှု သိပ်မရှိသေးပါဘူး။ ဒါပေမယ့် ဒီ အနာတွေက တခြား နေရာတွေကိုပါ ပျံ့နှံ့လာတဲ့ အခါမှာတော့ ဖခင်ဖြစ်သူ မိုဟာမက်ရှာဂျာဟန်ဟာ စိုးရိမ်လာပြီး ရွာကနေ ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာကို သူ့ သမီးအတွက် ဆေးကုသ ဖို့ ထွက်လာခဲ့ပါတယ်။ အခု အချိန်မှာတော့ ဆရာဝန်တွေက ခါတွန်ဟာ အမျိုးသမီးမှာ ပထမဆုံး တွေ့ရတဲ့ သစ်ပင်လူသား လက္ခဏာ လို့ နာမည်ပေးကြတဲ့ သစ်ပင်သစ်ခေါက်လို အဖုအထစ်တွေ လူ့ ခန္ဓာကိုယ် အရေအပြေားကနေ ထွက်တဲ့ ရောဂါ ခံစားနေရတာလား ဆိုပြီး စစ်ဆေးနေပါတယ်။ ဆရာဝန်တွေရဲ့ ရောဂါဖော်ထုတ်ချက်သာ မှန်ခဲ့ရင် အရေပြားကင်ဆာ ဖြစ်နိုင်ချေများတဲ့ မျိုးရိုးဗီဇ အမွေဆက်ခံမှုမှာ ငုပ်ဗီဇ ပေါ်လာပြီး အရေပြားပုံမမှန်မှု ဖြစ်တဲ့ သစ်ပင်လူသား ရောဂါ ခံစားနေရတဲ့ ကမ္ဘာ တဝှမ်းက ရောဂါရှင် လူနည်းနည်း အုပ်စုထဲမှာ ခါတွန်လည်း တယောက် ပါဝင်လာပါမယ်။

ဒါဟာ အင်တန် အဖြစ်နည်းတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါ ဖြစ်ပြီး လူသားရဲ့ လက်တွေ၊ ခြေထောက်တွေမှာ ခြောက်သွေ့ပြီး ကွာကျတတ်တဲ့ သစ်ပင်ခေါက်လို အဖုအထစ်တွေ ထွက်လာစေပါတယ်။ ဒီရောဂါမျိုးကို အမျိုးသားတွေမှာ အများစု တွေ့ရလေ့ရှိပြီး ခါတွန်ဟာ ပထမဆုံး သစ်ပင်လူသား အမျိုးသမီး လူနာ ဖြစ်လာဖွယ် ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး အလားတူ ရောဂါရှင် အသက် ၂၇ နှစ် အရွယ် အဘူးဘာဂျန်ဒါ အမည်ရှိ အမျိုးသားကတော့ ဒါကာဆေးကောလိပ်ဆေးရုံမှာ သီးခြား ခွဲစိတ်ကုသမှု အကြိမ် ၁၆ ကြိမ် လုပ်ခဲ့ကာ မကြာမီ ဆေးရုံက ဆင်းပြီး သူ့ရဲ့ သစ်ပင်အခေါက်တွေ တွယ်ကပ်ခဲ့တဲ့ လက်ဟာ ပြန်လည် အသုံးပြုနိုင်တော့မှာလို့ သိရပါတယ်။ ခါတွန်ရဲ့ ဖခင်ကတော့ သူ့သမီးရဲ့ ရောဂါကိုလည်း ဆရာဝန်တွေက ကုသပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Credit : BBC Burmese



Follow us on