1. Home
  2. International News

ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် ဂျပန်ဝန်ကြီးချုပ်အာဘေး အမေရိကန်သို့ ရောက်ရှိ

International News ก.พ. 10, 2560 view 1,439

သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် တွေ့ဆုံ ဆွေးနွေးရန်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်မြေသို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။ ထရမ့်က ဂျပန်၏ အထင်ကရ မော်တော်ယာဉ် လုပ်ငန်းစုကြီး Toyotaကို လူသိရှင်ကြား ခြိမ်းခြောက်သည့် သဘောမျိုး မှတ်ချက်ပေးခဲ့သည့်နောက် အာဘေး၏ ခရီးစဉ် ထမြောက်လာခြင်း ဖြစ်သည်။ Toyotaသည် အမေရိကန်သို့ တင်သွင်းမည့် ကားများကို လုပ်အားစရိတ်နှင့် အခွန်အခ သက်သာသည့် မက္ကဆီကိုတွင် တည်ဆောက်ရန် စီစဉ်ခဲ့သည့်နောက် ထရမ့်က Toyotaအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်နိုင်ကြောင်း သတိပေးခဲ့သည်။

ထရမ့်က အမေရိကန်တွင် အလုပ်အကိုင်နေရာ မြှင့်တင် ဖန်တီးနိုင်ရေးအတွက် ကားကုမ္ပဏီကြီးများကို အမေရိကန် နိုင်ငံတွင်သာ စက်ရုံတည်ကြရန် တိုက်တွန်းထားသည်။ အမေရိကန်နှင့် ဂျပန်ခေါင်းဆောင် နှစ်ဦးသည် အဆိုပါ ကိစ္စအပြင် ဂျပန်၏ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မူဝါဒများနှင့် အာရှပစိဖိတ်ဒေသ လုံခြုံရေး ကဏ္ဍတို့ကိုပါ ဆွေးနွေးသွားဖွယ် ရှိနေသည်။ Toyotaက မက္ကဆီကိုတွင် ကားစက်ရုံ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်လတွင် ထရမ့်က

“အဓိပ္ပါယ် လုံးဝမရှိဘူး။ အမေရိကန်မှာ စက်ရုံဆောက်ရင်ဆောက်၊ မဟုတ်ရင်တော့ နယ်ခြားဖြတ်ကျော် အခွန်အခ အများကြီး ပေးရဖို့သာ ပြင်ထားပေတော့”ဟု Twitterတွင် ရေးသားခဲ့သည်။

Toyotaကမူ မက္ကဆီကိုတွင် ၎င်းတို့၏ ထုတ်လုပ်မှု ကဏ္ဍကို လျှော့ချသွားမည် မဟုတ်ဟု တုံ့ပြန်ခဲ့သည်။ အာဘေး၏ ခရီးစဉ်တွင် ခေါင်းဆောင်နှစ်ဦး တရားဝင် ဆွေးနွေးမှု အပြီး၌ ထရမ့်က ဂျပန်ဝန်ကြီးချုပ်နှင့် ဇနီးဖြစ်သူတို့ကို ဖလော်ရီဒါရှိ Mar-a-Lago ဂေါက်ကလပ်တွင် ဧည့်ခံပြီး အတူတကွ ဂေါက်သီးရိုက် ကစားကြရန် စီစဉ်ထားသည်။ အာဘေးသည် အမေရိကန် ရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရပြီး ရက်ပိုင်းအတွင်း နယူးယောက်တွင် ထရမ့်ထံ သွားရောက် တွေ့ဆုံခဲ့ဖူးသော်လည်း အမေရိကန် သမ္မတ ရာထူးကို ထရမ့် တရားဝင် ဆက်ခံပြီးချိန်တွင်မူ ယခုတစ်ကြိမ် တွေ့ဆုံမှုက ပထမဆုံး အနေဖြင့် မှတ်တမ်းဝင်လာမည် ဖြစ်သည်။

Credit : 7daydaily



Follow us on