1. Home
  2. International News

တရုတ်ပိုင် ကမ္ဘာ့အကြီးဆုံး ရေယာဉ်ပျံကြီး ပွဲဦးထွက် ပျံသန်းရန် အသင့်ဖြစ်လာ

International News ก.พ. 15, 2560 view 1,494

တရုတ် အစိုးရပိုင် Xinhua သတင်းဌာနက ယင်းရေယာဉ်ပျံကြီးကို ၂၀၁၇၊ ပထမနှစ်ဝက်အတွင်း လက်တွေ့ပျံသန်းမှု အစပြုမည်ဖြစ်ကြောင်း အတည်ပြု ဖော်ပြခဲ့သည်။ AG600၏ အင်ဂျင်ကြီး လေးလုံးကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၄ ရက်အတွင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ အမှားအယွင်းမရှိ စင်းလုံးချော အဆင်ပြေခဲ့ကြောင်း Xinhuaက ဆိုသည်။ AG600ကို ပြီးခဲ့သည့်နှစ်၊ ဇူလိုင်လက တရုတ်တောင်ပိုင်း ဇူဟိုင်းမြို့ရှိ လေယာဉ်ထုတ်လုပ်ရေး စက်ရုံ၌ အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။ သာမန် လေယာဉ်ကွင်းများအပြင် ရေပြင်၌ပါ ဆင်းသက်နိုင်သည့် AG600သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေယာဉ်ပျံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တရုတ် အစိုးရပိုင် AVIC စက်မှုကော်ပိုရေးရှင်းက တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

AG600၏ အရွယ်အစားမှာ Boeing 737 ခရီးသည်တင် လေယာဉ်တစ်စီးမျှ ကြီးမားပြီး တောင်ပံများ၏ အလျားမှာ ၃၈.၈ မီတာထိ ရှည်လျားသည်။ ကိုယ်ထည်အရှည်က ၃၇ မီတာရှိကြောင်း သိရသည်။ အဆိုပါ ရေယာဉ်ပျံကြီးကို တောမီးငြှိမ်းသတ်ရေးနှင့် ရေပြင်ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် ဒီဇိုင်းထုတ် တည်ဆောက်ထားခြင်း ဖြစ်သည်။ AG600သည် လေထဲတွင် သွက်လက်စွာ လမ်းကြောင်းပြောင်း ပျံသန်းမှုများ ပြုလုပ်နိုင်သလို အကွာအဝေး ရှည်လျားစွာ ထောက်လှမ်းနိုင်မည့် မှန်ဘီလူးများကိုလည်း တပ်ဆင်ထားသည်။ ရေယာဉ်ပျံကြီးပေါ်တွင် ကုန်စည် အလေးချိန် ၅၃.၅ တန်ထိ တင်ဆောင်နိုင်သည်။ မီးသတ်လုပ်ငန်းအတွက် ဆိုပါက ရေပမာဏ ၁၂ တန်ကို စက္ကန့် ၂၀ အတွင်း စုဆောင်းနိုင်စွမ်း ရှိပြီး ကယ်ဆယ်ရေး ကဏ္ဍတွင် ကမ်းဝေးရေပြင်မှ လူ ၅၀ ထိကို တင်ဆောင်နိုင်စွမ်းရှိကြောင်းလည်း သိရသည်။

Credit : 7daydaily



Follow us on