1. Home
  2. International News

ငွေကြေးခဝါချမှု စွပ်စွဲချက်ဖြင့် ထိုင်းဘုန်းကြီးကျောင်းတစ်ကျောင်းကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

International News ก.พ. 20, 2560 view 1,458
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာဝင်များအကြား သြဇာလွှမ်းမိုးမှု ကြီးမားသည့် ဘုန်းတော်ကြီးတစ်ပါးအား ငွေကြေးခဝါချမှု ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ ဘုန်းတော်ကြီး၏ ဓမ္မကာယ ဘုန်းကြီးကျောင်းကို ပြီးခဲ့သည့် ကြာသပတေးနေ့က ဝင်ရောက်စီးနင်းခဲ့သော်လည်း ဘုန်းတော်ကြီးကို ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
 
အသက် ၇၂ နှစ် အရွယ်ရှိ ဘုန်းတော်ကြီးဓမ္မချာရ ၏ ကျောင်းကို ဝင်ရောက်စီးနင်းပြီး မွှေနှောက်ရှာဖွေခဲ့သော်လည်း ဆေးဝါးပစ္စည်းများကိုသာ ရှာဖွေတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ သို့သော် အဆိုပါ ဓမ္မကာယ ဘုန်းကြီးကျောင်းဝင်း တစ်ခုလုံးကို ၁၀ ရက်တိတိ ရှာဖွေခွင့် ဝရမ်းရရှိထားရာ ဆက်လက်ရှာဖွေသွားမည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
 
ယခင်နှစ်ကလည်း အဆိုပါ ဘုန်းကြီးကျောင်းကို စီးနင်းရန် ရဲတပ်ဖွဲ့က အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ဘုန်းတော်ကြီး၏ တပည့်သာဝက ထောင်ပေါင်းများစွာက ဟန့်တားခဲ့သောကြောင့် အောင်မြင်မှု မရရှိခဲ့ပေ။ ယခုနောက်ဆုံး စီးနင်းမှုမှာ ဘုန်းကြီးကျောင်းက အဆိုပါ ဆရာတော်ကို လပေါင်းများစွာ လွှဲအပ်ပေးနိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့် အရေးပေါ် ဥပဒေတစ်ရပ်အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
 
ဓမ္မကာယ ဘုန်းကြီးကျောင်းမှ အခြားဆရာတော်များကမူ ကျောင်းထိုင်ဘုန်းတော်ကြီး ဓမ္မချာရသည် ကျန်းမာရေး ချို့ယွင်းနေသောကြောင့် အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှုများကို ဖြေကြားနိုင်မည် မဟုတ်ဟုဆိုကာ ငြင်းဆိုခဲ့သည်။
အဆိုပါ ဘုန်းတော်ကြီး ဓမ္မချာရာသည် ငွေကြေးခဝါချမှု၊ အလှူငွေများ အလွဲသုံးစားပြုမှုတို့ဖြင့် စွပ်စွဲတိုင်ကြား ခံထားရသော်လည်း ထိုင်းဗုဒ္ဓဘာသာဝင် အတော်များများ၏ ကြည်ညိုလေးစားမှုကို ခံထားရသည်။ ယင်းဘုန်းကြီးကျောင်းမှ ဆရာတော်များကမူ စွပ်စွဲချက်များသည် မှန်ကန်မှု မရှိဘဲ နိုင်ငံရေးအရ လှုံ့ဆော်မှု တစ်ရပ်သာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြသည်။ ဓမ္မကာယ ဘုန်းကြီးကျောင်းကို ၁၉၇၀ ပြည့်နှစ်တွင် ထူထောင်ခဲ့ပြီး ယင်းကျောင်း၏ သင်ကြားမှုများမှာ ထေရဝါဒ ဗုဒ္ဓဘာသာကျင့်စဉ်တို့ဖြင့် သွေဖည်မှု ရှိသည်ဟု ထိုင်းဗုဒ္ဓဘာသာဝင်များက ဆိုကြသည်။
 
Credit:TheVoice


Follow us on