အစ္စရေး အစိုးရက (စီးပွားဖြစ် မဟုတ်ဘဲ) တစ်ကိုယ်ရည် ဆေးခြောက် သုံးစွဲမှုများအတွက် သတ်မှတ်ပြစ်ဒဏ်ကို တစ်ဆင့်ချင်းစီ လျှော့ချပေးသွားရန် စီစဉ်လျက် ရှိသည်။ ကနဦး အဆင့် လျှော့ချမှုအရ ဆေးခြောက် သုံးစွဲမှုကို ထောင်ဒဏ်အစား ဒဏ်ကြေးသာ တပ်ရိုက်ဖွယ် ရှိကြောင်းလည်း သိရသည်။ သို့သော် အကြိမ်ပေါင်းများစွာ အဖမ်းခံရဖူးသူများကိုမူ ရာဇဝတ်မှုဖြင့် စွဲချက်တင်မည်ဟု ခြွင်းချက် ကန့်သတ်ထားသည်။ ဆေးခြောက်အသုံးပြုမှု၏ ပြစ်ဒဏ်ကို စတင်လျှော့ချပေးလိုက်သော်လည်း ဆေးခြောက် ရောင်းချခြင်း၊ ဝယ်ယူခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကိုမူ တရားမဝင် လုပ်ငန်းများအဖြစ် ဆက်လက် ဥပဒေ ပြဋ္ဌာန်းထားသည်။
ဆေးခြောက် အသုံးပြုမှုအတွက် ပြစ်ဒဏ် လျှော့ပေါ့ခြင်းကို တရားဝင် သတ်မှတ်သည့်အဆင့် ရောက်ရှိစေရန်မူ လွှတ်တော်တွင် အတည်ပြုချက် ယူရဦးမည် ဖြစ်သည်။ ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ရုံးက အစ္စရေးတွင် နိုင်ငံသားဦးရေ၏ ၉ ရာခိုင်နှုန်းမျှ ဆေးခြောက်သုံးစွဲသည်ဟု ခန့်မှန်းထားသည်။ သို့သော် လက်တွေ့အားဖြင့် အဆိုပါ ကိန်းဂဏန်း သတ်မှတ်ချက်ထက် ပိုမိုမြင့်မားသော အရေအတွက်မျှထိ ဆေးခြောက် သုံးစွဲကြဖွယ် ရှိသည်။ အမေရိကန်ရှိ ပြည်နယ်အချို့နှင့် ကမ္ဘာ့နိုင်ငံ အချို့တို့တွင် ဆေးခြောက်ကို တရားဝင် ဝယ်ယူအသုံးပြုခွင့် ပေးလာသည့်နောက် အစ္စရေးကလည်း ယခုလို အပြောင်းအလဲထံ ဦးတည်ခဲ့ခြင်း ဖြစ်သည်။ “ကမ္ဘာတလွှားမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အခြေအနေတွေကို အစ္စရေးက မျက်စိမှိတ်ထားလို့ မရပါဘူး။
ဆေးခြောက် သုံးစွဲမှု လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အပြောင်းအလဲတွေကို လေးစားမှု ထားရပါမယ်”ဟု အစ္စရေး တရားရေးဝန်ကြီး အေယတ်လတ် ရှာကက်ဒ်က ပြောကြားခဲ့သည်။ သတ်မှတ်ချက် အသစ်အရ ပထမဆုံးအကြိမ် ဆေးခြောက် သုံးစွဲမှုဖြင့် အဖမ်းခံရသူသည် ထောင်ကျမည် မဟုတ်ဘဲ အစ္စရေးငွေ ရှက်ကယ်လ် ၁၀၀၀ (ဒေါ်လာ ၂၇၀ မျှ) ဒဏ်ကြေးပေးဆောင်ပြီး လွတ်မြောက်နိုင်မည် ဖြစ်သည်။ ထိုသတ်မှတ်ချက်သည် သုံးကြိမ်ထိ အကျုံးဝင်ပြီး စတုတ္ထ အကြိမ်မြောက် အဖမ်းခံရလျှင်မူ ရာဇဝတ်မှုဖြင့် စွဲချက်တင်မည်ဟု ဆိုသည်။ အစ္စရေးသည် ဆေးဝါးသုတေသန ကဏ္ဍအတွက် ကမ္ဘာပေါ်တွင် ဆေးခြောက် အသုံးပြုမှု အများဆုံး နိုင်ငံတစ်ခု အဖြစ်လည်း ရပ်တည်လျက် ရှိသည်။
Credit : 7daydaily