1. Home
  2. International News

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး စစ်သင်္ဘောကို တောင်တရုတ်ပင်လယ်သို့ ဖြတ်သန်းခုတ်မောင်းရန်

International News มี.ค. 14, 2560 view 1,493

ဂျပန်၏ အကြီးမားဆုံး စစ်သင်္ဘောကြီးသည် ယခုနွေရာသီတွင် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်း ခုတ်မောင်းမည်ဟု သိရသည်။ အဆိုပါ သင်္ဘောသည် အမေရိကန်နှင့် အိန္ဒိယ ရေတပ်သင်္ဘောများ ပါဝင်သည့် Malabar စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် သွားရောက် ပူးပေါင်းမည် ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယ သမုဒ္ဒရာဘက်တွင် နှစ်စဉ် ပြုလုပ်လေ့ ရှိသည်။ အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူများက ဂျပန်၏ Izumo ရဟတ်ယာဉ်တင် သင်္ဘောကြီးသည် Malabar စစ်ရေးလေ့ကျင့်မှုတွင် လာရောက် ပူးပေါင်းမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ဂျပန်သည် ဒုတိယ ကမ္ဘာစစ်တွင် စစ်ရှုံးခဲ့ပြီး ချုပ်ဆိုထားသော စာချုပ်များအရ လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခွင့် မရှိချေ။

သို့သော် Izumo၏ အရွယ်အစားနှင့် ပြန့်ကားနေသော ကုန်းပတ်ဒီဇိုင်းတို့ကြောင့် ရဟတ်ယာဉ်တင် သင်္ဘောမှ လေယာဉ်တင် သင်္ဘောအဖြစ် အလွယ်တကူ ပြောင်းလဲနိုင်မည်ဟု လက်နက်ရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ Izumoသည် အနောက်ပစိဖိတ်မှ အိန္ဒိယ သမုဒ္ဒရာဘက် ဖြတ်သန်း ဝင်ရောက်ရန်အတွက် တောင်တရုတ်ပင်လယ်မှ ခုတ်မောင်းခြင်းသည် အတိုဆုံး ရေလမ်းကြောင်း ဖြစ်နေသည်။ တောင်တရုတ်ပင်လယ် ဧရိယာ တစ်ခုလုံးကို တရုတ်က ထိန်းချုပ်ရန် ကြိုးစားနေရာ ထိုဒေသသို့ ဂျပန်၏ အကြီးမားဆုံး စစ်သင်္ဘော ဝင်ရောက်လာမည့် ကိစ္စကို တရုတ်ရေတပ်က မျက်စိဒေါက်ထောက် စောင့်ကြည့်ဖွယ် ရှိနေသည်။ တရုတ်သည် Malabar စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မလိုလားကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ထုတ် ပြသထားပြီး ဖြစ်သည်။ ဒီဇင်ဘာလ အတွင်းက တရုတ်၏ Global Times သတင်းစာ အယ်ဒီတာ့ အာဘော်၌ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေနိုင်ကြောင်း ဝေဖန် ရေးသားခဲ့သည်။

တရုတ်သည် သမ္မတ စီကျင်းပင် လက်ထက်တွင် တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တစ်ခုလုံး ထိန်းချုပ်ရေးကို အရှိန်မြှင့် လုပ်ဆောင်လာပြီး ဒေသတွင်း နိုင်ငံများနှင့် အခြေအတင် အငြင်းပွားမှုများ ရှိနေသည်။ ထို့အပြင် တရုတ်ရေတပ်သည် အဆိုပါဒေသ ရေပြင်ရှိ သန္တာကျောက်တန်းနှင့် သဲသောင်ခုံများကို အခြေပြုကာ ကျွန်းတုများ တည်ဆောက်ပြီး ပင်လယ်ပြင်ရှိ သယံဇာတ အရင်းအမြစ်များနှင့် ရေလမ်းကြောင်း သွားလာမှုများကိုပါ ထိန်းချုပ်ရန် ကြိုးစားလျက်ရှိသည်။

Credit : 7daydaily



Follow us on