
ပုပ်သိုးနေသော အသားများ ရောနှောရောင်းချခဲ့ကြောင်း စွပ်စွဲမှုများနှင့် ဆက်စပ်ပြီး ဘရာဇီးမှ အသားတင်ပို့မှုများကို တရုတ်နှင့် ဥရောပ သမဂ္ဂတို့က ကန့်သတ် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ဘရာဇီးရှိ အသားထုတ်လုပ် ရောင်းချသည့် အကြီးမားဆုံး ကုမ္ပဏီကြီး အချို့တို့သည် ဈေးကွက်ထဲတွင် ပုပ်သိုးနေသော၊ ကျန်းမာရေးအတွက် မသင့်တော်သော အသားများကို နှစ်ရှည်လများ ရောနှော ရောင်းချနေကြောင်း စွပ်စွဲမှုများက အဆိုပါ လုပ်ငန်းနယ်ပယ်၏ အထင်ကရ အရှက်တကွဲကိစ္စ ဖြစ်လာသည်။ ဘရာဇီး အစိုးရက ပြည်ပသို့ တင်ပို့နေသည့် အသားများကမူ နိုင်ငံတကာ စံနှုန်း အဆင့်အတန်းများနှင့် လျော်ညီပြီး မည်သည့် အမှားအယွင်းမျှ မရှိနိုင်ဟု ကာကွယ် ပြောကြားခဲ့သော်လည်း ယခုအခါ တရုတ်က ဘရာဇီးထံမှ အနီရောင် အသားများ (ဝက်သား၊ အမဲသားစသည်) ဝယ်ယူတင်သွင်းမှုကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ဥရောပ သမဂ္ဂကလည်း ယခု ပြဿနာနှင့် ဆက်စပ်နေသည့် ဘရာဇီး ကုမ္ပဏီကြီးများထံမှ အသားဝယ်ယူမှု အားလုံးကို ရပ်ဆိုင်းထားမည်ဟု ကြေညာသည်။ ထိုကိစ္စသည် ဘရာဇီး ပြည်တွင်းတွင်လည်း ဂယက်ရိုက်ခတ်ခဲ့ပြီး မတ် ၁၇ ရက်တွင် ပြည်ထောင်စု ရဲတပ်ဖွဲ့က အကြီးစား စစ်ဆင်ရေးများဖြင့် စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ အသားထုတ်လုပ်မှုသည် ဘရာဇီး၏ အရေးပါသော စီးပွားရေး ကဏ္ဍတစ်ခုဖြစ်ပြီး ပို့ကုန်ကဏ္ဍမှ တစ်နှစ်လျှင် ဒေါ်လာ ၁၂ ဘီလီယံကျော် ရရှိနေကြောင်း သိရသည်။

Credit : 7daydaily
comment