1. Home
  2. International News

လေကြောင်းလိုင်း အမှုထမ်းကို တိုက်ခိုက်ခဲ့ခြင်းအပေါ် ကြွားဝါနေသည့် အိန္ဒိယအမတ်

International News มี.ค. 24, 2560 view 1,460

၎င်းသည် Air India လေကြောင်းလိုင်း၏ Business Classတွင် လိုက်ပါစီးနင်းရန် တောင်းဆိုမှု အဆင်မပြေသည့်နောက် အသက် ၆၀ အရွယ် အမှုထမ်း တစ်ဦးကို ဖိနပ်ချွတ်ပြီး ရိုက်နှက်ခဲ့ကြောင်း သိရသည်။ လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် ရာဗင်ဒရာ ဂိုင်ကွက်ဒ်က မိမိသည် အဆိုပါ ဝန်ထမ်းအမျိုးသားကို အပိုးမကျိုးသည့်အတွက် ဖိနပ်ချွတ်ပြီး ၂၅ ခါမျှ ရိုက်နှက်ခဲ့ကြောင်း သတင်းထောက်များ ရှေ့မှောက်တွင် ဂုဏ်ယူစွာ ပြောဆိုခဲ့သည်။

၎င်းစီးနင်းသည့် လေယာဉ်မှာ Economy Class ခရီးသည်များ အတွက်သာ သတ်မှတ်ထားပြီး Business Class စီးခွင့်မရခြင်းအပေါ် မကျေနပ်သဖြင့် ဂိုင်ကွက်ဒ်က ယခုလို ပြုမူခဲ့ခြင်း ဖြစ်သည်။ ယခုအခါ Air Indiaက မိမိတို့ အမှုထမ်းကို ရန်ပြုမှုအတွက် ဂိုင်ကွက်ဒ်ကို ရဲတပ်ဖွဲ့ထံ တိုင်ကြားအရေးဆိုထားသည်။ ထို့အပြင် ယင်းအမတ်ကို Air India၏ စီးနင်းခွင့်မပြုသော နာမည်ပျက် ခရီးသည် စာရင်းတွင်ပါ မတ် ၂၄ ရက်၌ ထည့်သွင်းလိုက်ကြောင်း သိရသည်။

ဂိုင်ကွက်ဒ်က “ကျုပ်က (အာဏာရ) BJP ပါတီက မဟုတ်ဘူး။ ကျုပ်က Shiv Sena ပါတီက အမတ်။ ကျုပ်အနေနဲ့ ဘယ်လို စော်ကားမော်ကား ကိစ္စကိုမှ သည်းခံမှာ မဟုတ်ဘူး။ သူတို့ တိုင်ချင်တဲ့သူဆီတိုင်။ ကျုပ်ကလည်း ဒီကိစ္စကို လွှတ်တော်ဥက္ကဋ္ဌနဲ့ တခြားတာဝန်ရှိသူတွေဆီ တက်တိုင်ဦးမှာ”ဟု ဆိုသည်။

၎င်း၏ အပြုအမူနှင့် ပတ်သက်၍ အိန္ဒိယ လူမှုကွန်ရက် မီဒီယာများတွင် ဝေဖန်မှုများ ရှိနေသည်။ လေကြောင်းလိုင်း၏ အမှုထမ်း အမျိုးသားက ဂိုင်ကွက်ဒ်၏ ရန်ပြုမှုကြောင့် ၎င်း၏ မျက်မှန်ပါ ကျိုးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ “သူတောင်းဆိုတဲ့ကိစ္စက မဖြစ်နိုင်ကြောင်း ကျွန်တော် ရှင်းပြတယ်။ အဲဒီမှာတင် သူက စိတ်ဆိုးပြီး ကျွန်တော့်ကို ဆဲတော့တာပဲ။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုအဆင့်အတန်း၊ ဒီလိုစရိုက်မျိုးနဲ့ အမတ်တွေ ရှိနေသတဲ့လား။ ဘုရား ကယ်တော်မူပါ”ဟု ၎င်းက ဆိုသည်။

ယခုအခါ ထိုကိစ္စသည် အိန္ဒိယရှိ Twitter သုံးစွဲသူများကြား ဆွေးနွေးမှု အများဆုံး အကြောင်းအရာ အဖြစ်လည်း ရပ်တည်လျက် ရှိသည်။ Shiv Sena ပါတီသည် အာဏာရ BJP ပါတီက တာဝန်ယူ အုပ်ချုပ်နေသော မဟာရာရှ်ထရာ ပြည်နယ်တွင် အခြေစိုက်သည့် ညွန့်ပေါင်းပါတီငယ်တစ်ခု ဖြစ်သည်။ အဆိုပါ ပါတီသည် တိုင်းရင်းသား လူမျိုးကြီးဝါဒကို ဆွဲကိုင်ခြင်းကြောင့် လူသိများပြီး ပါတီဝင်များနှင့် ထောက်ခံသူများက ၎င်းတို့၏ အယူအဆများကို ဆန့်ကျင်သူများအပေါ် ကိုယ်ထိလက်ရောက် ရန်ပြုမှုများလည်း ရှိခဲ့ဖူးကြောင်း သိရသည်။

Credit : 7daydaily



Follow us on