1. Home
  2. International News

မက်ဆီ တံဆိပ်ကပ်ထားသည့် ပေါင် ၇၃ သန်း တန်ကြေးရှိ ကိုကင်းများ ဖမ်းမိ

International News มี.ค. 24, 2560 view 1,564

ပီရူးရဲတပ်ဖွဲ့သည် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ၏ အမည်နှင့် ရုပ်ပုံကို တံဆိပ်ကပ်ထားသည့် ပေါင် ၇၃ သန်း တန်ကြေးရှိ ကိုကင်းများကို ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့အနေနှင့် မက်ဆီရုပ်ပုံနှင့် အမည်တို့ကို တံဆိပ်ကပ်ထားသော ကိုကင်းဖမ်းဆီးရမိမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်ဟု ပီရူးရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားကြောင်း The Sun က ဖော်ပြထားသည်။ ပီရူးရဲတပ်ဖွဲ့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၌ မက်ဆီ၏ ရုပ်ပုံနှင့် အမည်တို့ကို အမှတ်တံဆိပ်အဖြစ် အသုံးပြုထားသည့် ကိုကင်းများကို ပထမအကြိမ်အဖြစ် ဖမ်းဆီးရမိခဲ့ဖူးကာ ယင်းတစ်ကြိမ်က ဖမ်းဆီးရမိခဲ့သည့် ကိုကင်းများ၏ တန်ကြေးမှာ ပေါင် ၂ ဒသမ ၄ သန်းဝန်းကျင် ဖြစ်ကြောင်း ပီရူးရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြန်ပြောင်းအသိပေးသွားခဲ့သည်။ ယခုတစ်ကြိမ် ဖမ်းဆီးရမိသည့် ကိုကင်းများတွင် ပါရှိသော မက်ဆီ အမှတ်တံဆိပ်များတွင် အင်္ဂလိပ်စာလုံး M ကို ဒီဇိုင်းဆွဲထားသည့် သင်္ကတေတစ်ခုလည်း ပါခဲ့ပြီး ယင်း M သင်္ကတေ၏ ဗဟိုချက်နေရာတွင် နီကီကုမ္ပဏီထုတ် ဘောလုံးကိုပင် ထည့်သွင်းရေးဆွဲ၍ ဒီဇိုင်းဆင်ထားသေးကြောင်း ပီရူးရဲတပ်ဖွဲ့က ရှင်းပြထားသည်။

ပီရူးရဲတပ်ဖွဲ့က ယခုတစ်ကြိမ် ဖမ်းဆီးလိုက်သည့် မက်ဆီ အမှတ်တံဆိပ် ကပ်ထားသော ကိုကင်းများမှာ အလေးချိန်အားဖြင့် ၁,၄၁၇ ကီလိုဂရမ်ရှိကာ ယင်းကိုကင်းများမှာ သတ်မှတ်ချက် (က) အဆင့်ရှိ ပစ္စည်းများ ဖြစ်ကြောင်းလည်း ပီရူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးထားပြီ ဖြစ်သည်။ အသက် ၂၉ နှစ်အရွယ်ရှိ မက်ဆီသည် ကမ္ဘာတစ်လွှားတွင် ပုံရိပ်အသုံးပြုခွင့်ဆိုင်ရာ စာချုပ်အမြောက်အမြား ချုပ်ဆိုထားပြီး ယင်းစာချုပ်များက တစ်ဆင့် တစ်နှစ်လျှင် ပုံရိပ်အသုံးပြုခအဖြစ် ဝင်ငွေ ပေါင်သန်း ၂၀ ကို မက်ဆီက ရရှိလျက်ရှိသည်။ လူမှုကွန်ရက် စာမျက်နှာ အသုံးပြုသူများသည် ယခုသတင်းကို ကြားသိလိုက်ရအပြီး၌ ကိုကင်းထုတ်လုပ်သူမှာ မက်ဆီကို ပုံရိပ်အသုံးပြုခ ပေးချေ၍ အမှတ်တံဆိပ်အတွက် စာချုပ်ချုပ်ထားသူ ဖြစ်နိုင်ကြောင်း အရွှန်းဖောက်နေကြပြီ ဖြစ်သည်။

Credit : The Voice Myanmar



Follow us on