1. Home
  2. International News

မိုဆူးလ်ရှိ အထင်ကရ ဗလီကြီးကို သိမ်းယူနိုင်ရန် နီးစပ်နေပြီဟု

International News มี.ค. 30, 2560 view 1,635

မိုဆူးလ်သည် အီရတ်ပိုင်နက်ဘက်တွင် အိုင်အက်စ်တို့၏ နောက်ဆုံးလက်ကျန် အဓိက ခြေကုပ်စခန်း ဖြစ်သောကြောင့် အစွန်းရောက် စစ်သွေးကြွများက အပြင်းအထန် သည်းသည်းမည်းမည်း ခုခံလျက် ရှိသည်။ သို့သော် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားနေသည့်တိုင် အီရတ်စစ်တပ်နှင့် မဟာမိတ် ပြည်သူ့စစ်များက ရှေ့သို့ တဖြည်းဖြည်းတိုး၍ ဆက်လက် ချီတက်နေဆဲဟု သိရသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် မိုဆူးလ်တိုက်ပွဲတွင် မြို့၏ ဗဟိုချက်မှ ဖြတ်သန်းစီးဆင်းသည့် တိုက်ဂရစ်မြစ်၏ အရှေ့ဘက်ခြမ်း နယ်မြေများ အားလုံးကို အစိုးရတပ်များက ပြန်လည် သိမ်းယူထားပြီ ဖြစ်သည်။

သို့သော် မြို့အနောက်ဘက်ခြမ်းကို တိုက်ခိုက်ရာတွင် ပိုမို၍ ခက်ခဲကြမ်းတမ်းသည့် စိန်ခေါ်မှုများ ကြုံနေရသည်။ အီရတ် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ရေ့ဒ်ဂျောဒတ်က အယ်လ်နျူရီ ဗလီကြီး အနီးရှိ ဧရိယာများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သိမ်းယူထားနိုင်ပြီး ဖြစ်သည်ဟု သတင်းရထားကြောင်း ဆိုသည်။

ထိုအဆောက်အအုံသည် ၂၀၁၄ ခုနှစ်တွင် အိုင်အက်စ်ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘဂ္ဂဒက်ဒီက အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံ ထူထောင်ပြီဟု တရားဝင် ကြေညာခဲ့သည့် နေရာလည်း ဖြစ်သည်။ လုံခြုံရေး တပ်ဖွဲ့များသည် ဗလီအနီးရှိ ကွက်ဒ်ဟိဘ်အယ်လ်ဘန် ရပ်ကွက်နှင့် အယ်လ်မာလက်ဘ် အားကစားရုံတို့ကိုလည်း ပြန်လည် သိမ်းယူထားပြီဖြစ်ကြောင်း ဂျောဒတ်က ပြောကြားခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးလက်အောက်ခံ ရဲတပ်ဖွဲ့၏ တန်ပြန်ထိုးစစ် ယူနစ်သည်လည်း မိုဆူးလ်မြို့ဟောင်းဘက်ခြမ်းသို့ စတင် ဝင်ရောက်နေပြီဟု သိရသည်။ မြေပြင်တွင် လှုပ်ရှားနေသည့် အီရတ်စစ်တပ်နှင့် ပြည်သူ့စစ်များကို အမေရိကန် ဦးဆောင်သည့် မဟာမိတ်များက လေကြောင်းမှ ပစ်ကူပေးလျက် ရှိသည်။ အီရတ်အစိုးရသည် မိုဆူးလ်မြို့၏ အရှေ့ဘက်ခြမ်းကို ဇန်နဝါရီလအတွင်း အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်မှ စကာ မိုဆူးလ်အနောက်ဘက်ခြမ်းကို စစ်ဆင်ရေး ဆင်နွှဲတိုက်ခိုက်ခဲ့သည်။

Credit : 7daydaily



Follow us on