1. Home
  2. International News

ဆီးရီးယား ဓာတု တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် ဆွေးနွေးရန် စီစဉ်

International News เม.ย. 05, 2560 view 1,530

ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီက ထိုကိစ္စအပေါ် အရေးပေါ် တုံ့ပြန်အစည်းအဝေး တစ်ရပ် ကျင်းပပြီး အဖြေရှာသွားမည်ဟု အတည်ပြုခဲ့သည်။ ဆီးရီးယားတွင် သူပုန်တပ်များ ထိန်းချုပ်ထားရာ အစ်ဒ်လစ်ဘ် ဒေသ၌ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သား အမြောက်အမြား ထိခိုက် သေကြေခဲ့သည်ဆိုသော သတင်းက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆီးရီးယား အစိုးရဖြစ်စေ၊ ၎င်းတို့၏ မဟာမိတ် ရုရှားကဖြစ်စေ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာတွင် ဓာတုအဆိပ် လက်နက်များ ပါရှိခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကမူ ထိုအချက်ကို ငြင်းဆန်ပြီး ၎င်းတို့သည် အစ်ဒ်လစ်ဘ်ရှိ သူပုန်တပ်များ၏ လက်နက်တိုက်ကိုသာ ဗုံးကြဲခဲ့ကြောင်း၊ အကယ်၍ ဓာတုအဆိပ်သင့်မှုများ ဖြစ်ခဲ့သည် ဆိုပါက အဆိုပါ လက်နက်တိုက်တွင် သူပုန်များ၏ ဓာတုလက်နက်များ သိုမှီးထား၍သာ ဖြစ်နိုင်ကြောင်း တုံ့ပြန်ထားသည်။

ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်သည် ၇၂ ဦးထိ မြင့်တက်လာပြီး အများအပြား ထိခိုက် အနာတရ ဖြစ်ခဲ့ကြောင်း ဆိုသည်။ သေဆုံးသူများတွင် ကလေးအယောက် ၂၀ ပါဝင်သည်ဟုလည်း သိရသည်။ ဓာတုအဆိပ်ဓာတ်ငွေ့ ရှူရှိုက်မိသူများသည် ဆိုးဆိုးရွားရွား အသက်ရှူကျပ်သည့် ဝေဒနာကို အလူးအလဲ ခံစားရပြီး အသက်ပါ ဆုံးရှုံးကြကြောင်း ယင်းအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ဒမတ်စကက်ရှိ ဆီးရီးယား အစိုးရအဖွဲ့က ၎င်းတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့ကြောင်း စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆီးရီးယား အစိုးရသည် ယခင်က ဓာတုလက်နက်များ ပိုင်ဆိုင်ထားမှုကြောင့် ကုလသမဂ္ဂ၏ စုံစမ်းဖော်ထုတ်မှုဖြင့် ယင်းလက်နက်များကို ဖျက်ဆီးခဲ့ရဖူးသည်။ ဗြိတိန်၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး မက်သရူးရေးခရော့ဖ်က ယခုသတင်းသည် ဆီးရီးယား၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေကြောင်း မှတ်ချက်ပေးခဲ့သည်။ “အရှင်းကြီးပါ။ ဒါဟာ စစ်ရာဇဝတ်မှု တစ်ရပ်ပါပဲ။ လုံခြုံရေးကောင်စီ အနေနဲ့ ဒီကိစ္စကို အလေးအနက်ထား ဆွေးနွေးဖို့ တောင်းဆိုပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်ကမူ ယခုကိစ္စသည် ဆီးရီးယား အစိုးရ၏ လက်ချက်ဟု တိုက်ရိုက်စွပ်စွဲခဲ့ပြီး အလွန်ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သည့် လုပ်ရပ်ဟု ဝေဖန်ရှုတ်ချထားသည်။

Credit : 7daydaily



Follow us on