BEC-TERO TV

သာကေတမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင်လူသတ်မှုမှ အမှုမှန်ပေါ်ပေါက်

02 Jun 2017     1,426 Views


သာကေတမြို့နယ်၊ (၁၀/တောင်)/ ၁၄ ရပ်ကွက်၊ ရှုခင်းသာလမ်းမကြီး၊ မြရည်နန္ဒာအိမ်ရာဝင်း(လုံးချင်းအိမ်ရာ)ရှိ အမှတ်(၈)နေအိမ်တွင် ဇနီးမောင်နှံနှစ်ဦး နှစလောင်းပြိုင် အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။
 
 
ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်ကVICTOR RAJ အိန္ဒိယ/ခရစ်ယာန်၊ အသက်(၄၈)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မခိုင်စပယ်နှင်းအောင်၊ အသက် (၃၁)သေဆုံးနေကြောင်း မခိုင်စပယ်နှင်းအောင်၏ ဖခင်ဖြစ်သူမှ ပြောပြတိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း(ပ)၅၇၅/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။
 
 
 
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲမှူးရုံးမှ မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်မှတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)ပူးပေါင်း၍ အခင်းဖြစ်ရပ်အပေါ် အသေးစိတ်စုံစမ်း စစ်ဆေးခဲ့ရာ သေဆုံးသူ VICTOR RAJ သည် အလုပ်အကိုင်(၇)ကြိမ်
ပြောင်းရွှေလုပ်ကိုင်ခဲ့ပြီး လက်ရှိတွင်အလုပ်အကိုင်မရှိဘဲ အခြားသူများကို အကြွေးများမြောက်များစွာ ပေးဆပ်ရန်ရှိနေသည့်အပြင် ၎င်းဇနီးဖြစ်သူ ကိုလည်း ငွေကျပ် သိန်း ၅၀ ပေးရန်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
 
အခင်းဖြစ်နေ့တွင် VICTOR RAJ မှ ၎င်း၏အိပ်ခန်းအား သန့်ရှင်းရေးဝင်ရောက်မလုပ်ရန် အိမ်အကူ
များအားမှာကြားခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးအုန်းမြင့်ကို ၎င်းအား လာရောက်မေးမြန်းသူ မည့်သူကိုမဆို နေအိမ်တွင်မရှိဘဲ နိုင်ငံခြားသို့ ပြန်သွားကြောင်းကိုပြောဆိုရန် မှာကြားထားကြောင်း သိရှိရပါသည်။
 
စုံစမ်းဖော်ထုတ်ချက်အရ VICTOR RAJ နှင့် ဇနီး မခိုင်စပယ်နှင်းအောင်တို့တွင် သားသမီးထွန်းကားမှုမရှိကြောင်းသိရှိရပြီး မေလ ၃၁ ရက်နေ့တွင် သေဆုံးသူ၏နေအိမ်၌ မခိုင်စပယ်နှင်းအောင်၏ ညီမဝမ်းကွဲ တော်စပ်သူ မခိုင်နှင်းဝေ၊ အိမ်အကူမနွဲ့နှင့် ဒေါ်ခင်ဆွေတင့်၊ လုံခြုံရေးဝန်ထမ်း ဦးအုန်းမြင့်တို့ရှိနေပြီး သေဆုံးသူ VICTOR RAJ သည် ပြင်ပသို့ ထွက်ခွာသွားခြင်းမရှိကြောင်း သိရှိရသည်။
 
မခိုင်စပယ်နှင်းအောင်သည် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး နေအိမ်အောက်ထပ်ရှိ ၎င်း၏အိပ်ခန်းအတွင်းသို့ဝင်သွားခဲ့သည်။ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် VICTOR RAJ သည် ခြံဝင်းအတွင်းမှ နေအိမ်အတွင်းသို့ဝင်သွားခဲ့သည်။
ထိုအချိန်တွင် နေအိမ်အတွင်း၌ ၎င်းတို့လင်မယားနှစ်ဦးသာရှိပြီး အိမ်အကူနှင့် လုံခြုံရေးဝန်ထမ်းတို့သည် ၎င်းတို့၏လုပ်ငန်းများကို နေအိမ်ခြံဝင်းအတွင်း လုပ်ကိုင်လျက်ရှိနေကြသည်။
 
ည ၇နာရီအချိန်ခန့်တွင် ညီမဝမ်းကွဲတော်သူ မခိုင်နှင်းဝေ က အစ်မဖြစ်သူ မခိုင်စပယ်နှင်းအောင် အပြင်သို့ထွက်မလာ၍ အိပ်ခန်းတံခါးကိုသွားခေါက်ရာ အတွင်းမှမည်သည့်အသံမျှ မကြားရသဖြင့် ဖုန်းကိုခေါ်ဆိုရာတွင်လည်း ပြန်လည်လက်ခံဖြေကြားခြင်းမရှိကြောင်း သိရှိရသည်။
 
 
အခင်းဖြစ်ရပ်တွင် တွေ့ရှိသည့် တူနှင့်ဓားမအား သေဆုံးသူ VICTOR RAJ သည် မေလ ၃၀ ရက်နေ့က Capital Hyper Market မှ ကိုယ်တိုင်ဝယ်ယူခဲ့ကြောင်းကို Capital Hyper Market ၏ CCTV မှတ်တမ်း  အထောက်အထားများနှင့် ငွေရှင်းပြေစာဘောက်ချာ မှတ်တမ်းအထောက်အထားများမှ စစ်ဆေးတွေ့ရှိခဲ့သည်။
 
 
 
သေဆုံးသူ VICTOR RAJ ရရှိသောဒဏ်ရာများမှာ ဝဲ/ယာလက်ကောက်ဝတ်တွင် သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ၊ ဝမ်းဗိုက်အထက် ရင်ညွန့်ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့်တွင်ထိုးသွင်းဒဏ်ရာ ၂ချက်ရရှိပြီး မခိုင်စပယ်နှင်းအောင် တွင် လည်ပင်းခုတ်ထစ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာနားထင် တူနှင့်ထုသည့် ချိုင့်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
 
 
 
သေဆုံးသူ VICTOR RAJ သည် မသေဆုံးမီက Capital Hyper Market မှ တူနှင့်ဓားမဝယ်ယူခဲ့ခြင်း၊ ပေးဆပ်ရန်အကြွေးများရှိနေခြင်း၊ ဒဏ်ရာများတွင်လည်း မိမိကိုယ်ကိုမိမိသတ်သေရန်ရည်ရွယ်၍ ဝဲ/ယာ လက်ကောက်ဝတ်တွင် သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ တွေ့ရှိရသည့်အပြင် ဇနီးဖြစ်သူ၏ ဒဏ်ရာတွင်လည်း တူဖြင့်ထုသည့်ချိုင့်ဝင်ဒဏ်ရာတွေ့ရှိရသောကြောင့် VICTOR RAJသည် ဇနီးဖြစ်သူအား ၎င်းဝယ်ယူခဲ့သည့် တူနှင့်ဓားကိုအသုံးပြုကာ သတ်ပြီးနောက် ၎င်းကိုယ်တိုင်လည်း မိမိကိုယ် မိမိသတ်သေခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အပြင် နေအိမ် အဝင်တံခါးမကြီး၊ ခြံဝင်းတံခါးနှင့် ခြံစည်းရိုးလုံခြုံရေးအတွက် တပ်ဆင်ထားသည့် CCTV ကင်မရာ ၄ လုံးကို မေလ ၃၁ ရက်နေ့ နံနက် ၆နာရီမှ ဇွန်လ ၁ ရက်နေ့ နံနက် ၈နာရီအထိ စစ်ဆေးချက်မှတ်တမ်းအရလည်းကောင်း၊ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးအုန်းမြင့်၏ပြောပြချက်အရလည်းကောင်း နေအိမ်ခြံဝင်းအတွင်း ဝင်/ထွက်သွားလာမှုမရှိကြောင်း စစ်ဆေး
တွေ့ရှိရပါသည်။
 
အမှုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အမှုကို သက်သေ အထောက်အထား ခိုင်လုံစွာရရှိရန် ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
 
Yangon Police
 

02 Jun 2017     1,426 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS