BEC-TERO TV

တာချီလိတ်မှ ကိုဗစ်ပထမဆုံးလူနာ ရောဂါပိုးပြန်တွေ့တာနဲ့ပတ်သက်ပြီး ဒေါက်တာဒေါ်ခင်ခင်ကြီးရေးသောစာတစ်စောင်

02 Jul 2020     44,829 Views


သတင်းဌာနမှာပါနေတဲ့ တာချီလိတ်မြို့က ပထမဆုံးကိုဗစ်လူနာ ခွဲစိတ်ဆရာဝန် Case 96 ဟာ နှစ်ခါဆက်တိုက် ပိုးမတွေ့ အဖြေထွက်ပြီးနောက် ဆေးရုံမှ မေ ၂၀ မှာ ဆင်းပေးပြီးဖြစ်ပါတယ် ။

ရန်ကုန်ကိုပြန်ဖို့ ပြန်စစ်တဲ့အခါမှာ ဆေးစစ်အဖြေမှာ ပိုးတွေ့ရှိ အဖြေရတယ်ဆိုပြီး လူထုကြားမှာ သတင်းမီဒီယာတွေမှာ သတင်းထွက်နေတာဖြစ်ပါတယ် ဒီသတင်းမှန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ပြည်သူလူထု စိုးရိမ် ကြောက်လန့်မှုတွေ ရှိနေကြတာမို့ ပို့စ်တင်ရှင်းပြလိုက်ပါတယ်။

သတင်းထုတ်ပြန်တဲ့နေရာမှာ ပိုးတွေ့လူနာအသစ်ကိုသာ ပိုးတွေ့လူနာအသစ်အဖြစ် သတင်းထုတ်ပြန်တာဖြစ်ပါတယ် လူနာအဟောင်းတွေ ပိုးဆက်လက်တွေ့ရှိတာကို ထပ်မံမထုတ်ပြန်ပါဘူး တချို့ပိုးတွေ့လူနာတွေဟာ ၉ ကြိမ်မြောက်မှသာ စပြီး negative ဖြစ်တာမျိုးတွေ ရှိသလို တချို့ကျတော့လဲ ၃ ကြိမ်မြောက်ကစပြီး negative ဖြစ်တာမျိုးတွေ ရှိပါတယ် ဒါပေါ်မူတည်ပြီး ဆေးရုံဆင်းတာ မူတည်တဲ့အတွက် တချို့သူတွေဟာ ပြန်ကောင်းသက်သာ ဆေးရုံဆင်း မြန်ဆန်ပြီး တချို့တွေ နောက်ကျရတာ ဖြစ်ပါတယ် ပျှမ်းမျှဆေးရုံတက်ရောက်ချိန်ကတော့ ၂၃ ရက်ခန့်ရှိပါတယ်။

ဟုတ်ပြီ ပိုးတွေ့တယ်ဆိုတာဘာလဲ အချုပ်ပြောရရင် နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် ကိုယူပြီး ဓာတ်ခွဲခန်းမှာ RNA virus ကို လုပ်ဆောင်ရတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အဆင့်ဆင့် ဆောင်ရွက်ရတဲ့ gold standard RT-PCR နည်းပညာနဲ့ ဆောင်ရွက်တာဖြစ်ပါတယ် ဒါကိုနားလည်လွယ်အောင်ပြောမယ်ဆို အကောင်လိုက်ထုထည်ရှိနေတဲ့ ပိုးကိုရှာဖွေတာ မဟုတ်ပါဘူး ပိုးရှိလို့ဖြစ်ပေါ်နေတဲ့ ခြေရာလက်ရာကို ရှာတာဖြစ်ပါတယ်။

ပိုးတွေ့ရင် ဘာလုပ်မလဲ ပိုးတွေ့သူကို သီးခြားထားရှိကုသမယ် သူနဲ့ထိတွေ့မှုရှိသူတွေကို ထောက်လှမ်းရှာဖွေမယ် လူနာကိုတော့ ဖြစ်ပေါ်လာတဲ့ လက္ခဏာပေါ်မူတည်ပြီး ကုသမှုပေးမယ် ကုသမှုပြည့်ပြီးနောက် သတ်မှတ်ရက်ပြည့်ရင် ဓာတ်ခွဲနမူနာကို ၄၈ နာရီခြား နှစ်ကြိမ်ယူပြီးစစ်ပါတယ် အဲဒီမှာ နှစ်ကြိမ်လုံး ပိုးမတွေ့ရင်တော့ အခြေအနေကောင်းပါပြီ ဒီလိုနေရာမှာလဲ ပိုးတွေ့လိုက် ပိုးပြန်တွေ့လိုက် ပိုးမတွေ့လိုက် တလှည့်စီဖြစ်ပြီး နှစ်ခါဆက်တိုက် ပိုးမတွေ့အဖြေရဖို့ ကြာနေတာမျိုးတွေ ရှိပါတယ် ဥပမာ မေ့ဆေးဆရာဝန်ကြီး ပါ။

ဒီလိုထပ်ယူတဲ့ နမူနာနှစ်ခုစလုံး ပိုးမတွေ့အဖြေထွက်မှသာ ပိုးကင်းစင်တယ်ဆိုပြီး သတ်မှတ်ပါတယ် သို့သော်ချက်ချင်းမဆင်းခိုင်းသေးပါဘူး သူ့ရဲ့နဂိုရှိနေတဲ့ နောက်ခံရောဂါလက္ခဏာများပါသက်သာမှ ဆေးရုံပေးဆင်းပါတယ် ဒါ့ကြောင့် သတင်းထုတ်ပြန်တဲ့နေရာမှာ ပိုးကင်းလူနာကပိုများပြီး ဆေးရုံဆင်းနဲ့ အနည်းငယ်ကွာနေတာတွေ့ရမှာပါ ဥပမာ ကိုဗစ်နဲ့ ဆီးချို ကိုဗစ်နဲ့ နှလုံးရောဂါ ကျောက်ကပ်ရောဂါ စသဖြင့် တွဲနေတာတွေ ရှိပါတယ် ကိုဗစ်နဲ့ ကိုယ်ဝန်ဆောင်တွဲနေတာ ၃ ဦးရှိပြီး မနေ့ကတော့ တစ်ယောက်မွေးဖွားသွားပါတယ် ဒါတွေကို ပြောရတာက ပိုမို ရှင်းလင်းစေချင်လို့ပါ။

ဟုတ်ပြီ ဆေးရုံဆင်းတယ်ဆိုတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပြီလားဆိုရင်တော့ နိုးပါ အိမ်မှာ သို့မဟုတ် ဟိုတယ်မှာ သို့မဟုတ် နေစရာအခက်အခဲ ရှိတဲ့သူတွေကိုတော့ ဆေးရုံမှာ တစ်ပတ်ဆက်ပြီး အသွားအလာကန့်သတ်ပါတယ် ဒါမှသာ သူ့ဆီကနေတခြားသူတွေကို ပိုးမကူးစက်စေနိုင်အောင် အဆင့်ဆင့် guideline အတိုင်း ဆောင်ရွက်ထားတာဖြစ်ပါတယ်။

ဒါဆို ဒီလိုမျိုးဆောင်ရွက်ထားရင်ကော စိတ်ချရပြီလား မေးရင်တော့ စိတ်ချရပါတယ်လို့ ဖြေရမှာပါပဲ ဘာလို့ဒီလိုဖြေရသလဲဆိုတော့ တွေ့ရှိချက်တွေအပေါ် အခြေပြု ဖြေရတာဖြစ်ပါတယ်။

နံပါတ် ၁ ကတော့ တောင်ကိုရီးယားက https://cdn.fbsbx.com/…/Findings_from_Investigation_and_ana… တွေ့ရှိချက်အပေါ် မူတည်ပါတယ်

အချုပ်လိုရင်းကို ပြောရလျှင်...

- ပိုးပြန်တွေ့လူနာ ၂၈၅ ယောက်၏ ထိတွေ့မှုရှိသူ ၇၉၀ ဦးကို အနီးကပ်စောင့်ကြည့် စစ်ဆေးသည့်အခါ ပိုးအသစ်တွေ့ရှိသူ တစ်ဦးမှ မရှိခြင်း

- ပိုးပြန်တွေ့လူနာ ၁၀၈ ဦးဆီမှ ဓာတ်ခွဲနမူနာများကို ပိုးမွေး culture လုပ်ဆောင်ရာတွင်လည်း ရလဒ်မှာ ပိုးပေါက်ခြင်းမရှိပါ (တနည်း ပိုးကိုမတွေ့ရှိရပါ)

- ပိုးပြန်တွေ့ လူနာ ၂၃ ဦး ဆီမှ သွေးနမူနာများကို ယူပြီးစစ်ဆေးရာ ၎င်းတို့အားလုံး၏ ၉၆ % တွင် ရောဂါပိုးကို ခုခံနိုင်သည့် ပဋိပစ္စည်းများ ထွက်ပေါ်နေပြီကို တွေ့ရခြင်း

နံပါတ် ၂ တွေ့ရှိချက်ကတော့ စင်ကာပူကူးစက်ရောဂါဌာနနှင့် စင်ကာပူဆေးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော လူနာ ၇၃ ဦးပါသော သုတေသနတွေ့ရှိချက်တွင်လည်း ရောဂါပိုးဝင်ရောက်ပြီး ၁၁ ရက်နောက်ပိုင်းတွင် မည်သူ့ကိုမျှ မကူးစက်နိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်းဖွင့်ဆိုထားပါသည်။

၈ ရက်မြောက်တွင် ပိုးမွေး culture ပြုလုပ်ပါကလည်း ပိုးမပေါက်ဖွားနိုင်တော့ပါ။

၎င်းသုတေသနစစ်တမ်းတွင် ရှင်းရှင်းလင်းလင်းရေးထားသည်မှာ ပိုးတွေ့ရှိ PCR positive သည် ပိုးကူးစက်နိုင်သည်ဟူသော အဓိပ္ပါယ် မဟုတ်တော့ကြောင်း ပြောထားပါသည်။

Non-infectious Covid-19 patients after 11 days: Singapore study

https://www.fr24news.com/…/non-infectious-covid-19-patients…

နံပါတ် ၃ အနေဖြင့် တရုတ်ပြည် ယူနန်ပြည်နယ်မှ ချစ်ကြည်ရေး အကူအညီပေးရေး ဆေးအဖွဲ့လာရောက်စဉ်ကလည်း ဆေးအဖွဲ့ခေါင်းဆောင်ကို PCR test နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည် တရုတ်ပြည်တွင်ပင် PCR re positive လူနာများရှိကြောင်း PCR positive အဖြေကို ၅၇ ရက်အထိ လူနာတွင် စမ်းသပ်ရရှိသည့် အခြေအနေပင် ရှိခဲ့ကြောင်း ဖြေကြားပါသည် အဆိုပါလူနာကို မည်ကဲ့သို့ ရှေ့ဆက်လက်ဆောင်ရွက်ပါသလဲဟု မေးမြန်းရာ မည်သို့မျှမလုပ်တော့ကြောင်း ထိုသူမှလည်း အခြားသူများကို မကူးစက်စေနိုင်တော့ကြောင်း ဖြေကြားသည်ကို မှတ်သားခဲ့ရပါသည်။

အထက်ပါ အချက် ၃ ချက်ကို ထောက်ရှုကာ ဆင်ခြင်တွေးဆနိုင်ကြစေရန် ရည်သန်ကာ ပို့စ်တင်လိုက်ရပါသည်။

အချုပ်မှာ ရောဂါပိုးကင်းစင်ပြီးနောက် ပိုးပြန်တွေ့ခြင်းသည် ၎င်းထံမှ ကူးစက်နိုင်သည့်အခြေအနေဟု အဓိပ္ပါယ်ကောက်ယူ မမှားစေသင့်ကြောင်းနှင့် ၎င်းသည် ပိုးဝင်ရောက်ကူးစက်ခဲ့ဖူးသည့် ခြေရာလက်ရာများသာ ဖြစ်ပါကြောင်း ထပ်လောင်းသိစေအပ်ပါသည်။

KKGPage15 RePositivePCR
00:51 am, 2-7-2020
Investigations and analysis of re positive cases

 

 


02 Jul 2020     44,829 Views




RELATED

Most Popular of Special or Others

Most Popular of NEWS