BEC-TERO TV

မြန်မာကလပ်အသင်းများယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC Cup ပြိုင်ပွဲကို အာရှဘောလုံးအဖွဲ့ချုပ် ဖျက်သိမ်း

11 Sep 2020     168,246 Views


အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယနေ့ပြုလုပ်သည့် အလုပ်အမှုဆောင်အစည်းအဝေးတွင် ယခုနှစ်အတွင်း ပြုလုပ်မည့် ပြိုင်ပွဲများနှင့်ပတ်သက်၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ဇုန်ငါးခု ခွဲ၍ ကျင်းပလျက်ရှိပြီး အာရှဒေသတွင်းနိုင်ငံများ၏ အခြေ အနေအပေါ် မူတည်၍ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ် အသင်းများမှာ အာဆီယံဇုန်တွင် ပါဝင်နေပြီး အုပ်စုသုံးခု ပါဝင်နေသည်။ အရှေ့တောင်အာရှနိုင်ငံ ခုနစ်နိုင်ငံမှ ကလပ် အသင်း ၁၂ သင်း ယှဉ်ပြိုင်နေကာ ကိုဗစ်-၁၉ ရောဂါကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုသည့် နိုင်ငံမရှိခဲ့ကြောင်း သိရသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ရောဂါအခြေအနေ ကြောင့် ပြိုင်ပွဲကျင်းပသည့်ပုံစံပြောင်းလဲကာ အုပ်စု လက်ကျန်ပွဲများအနက် အုပ်စုတစ်ခုစီကို အိမ်ရှင်နိုင်ငံ တစ်နိုင်ငံရွေးချယ်၍ ကျင်းပရန် စီစဉ်ထားခဲ့ပြီး ယခင်က အုပ်စု (F) နှင့် (G) ပွဲစဉ်များကို ဗီယက်နမ် နိုင်ငံကို ကျင်းပခွင့်ပေးခဲ့သော်လည်း ရောဂါပိုးကူးစက်မှုများ ရှိလာသောကြောင့် လက်ခံကျင်းပနိုင်ခြင်းမရှိတော့ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်ထံ အကြောင်း ကြားခဲ့သည်။

ပြိုင်ပွဲရပ်နားထားချိန်တွင် အာဆီယံဇုန်အုပ်စုသုံးခုမှာ ပထမ အကျော့ ပြီးဆုံးထားပြီး ရန်ကုန်အသင်းက သုံးပွဲကစား ခုနစ်မှတ်ရထားကာ ရှမ်းယူနိုက်တက်အသင်းမှာမူ သုံးပွဲစလုံး ရှုံးနိမ့်ထားသည်။ ရန်ကုန်အသင်းသည် အာဆီယံဇုန်ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရန် မျှော်လင့်ချက်ရှိသော်လည်း ပြိုင်ပွဲဖျက်သိမ်းခံရသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ယခင်က အုပ်စုလက်ကျန်ပွဲများကို စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ပြန်လည် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်နှင့် ရှမ်းယူနိုက် တက်အသင်းသည် ယခုနှစ်တွင် ပြည်တွင်းလိဂ်ပွဲစဉ်များသာ ယှဉ်ပြိုင်ရတော့ မည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဘုန်း သော်/The Mirror

#popolay #popolaytv #sports #AFC


11 Sep 2020     168,246 Views




RELATED

Most Popular of Football

Most Popular of Sport