BEC-TERO TV

အမေရိကန်ရဲ့ Huawei ကုန်ပစ္စည်းတွေအပေါ် ပိတ်ပင်မှုကြောင့် Huawei တည်ထောင်သူ Ren Zhengfei ငွေကြေးပိုင်ဆိုင်မှုများကျဆင်းလာ

22 Oct 2020     44,742 Views


တရုတ်နိုင်ငံအခြေစိုက်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei ရဲ့ နည်းပညာကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံက ပိတ်ပင်တားဆီးမှုတွေရှိတာကြောင့် ကုမ္ပဏီတည်ထောင်သူ Ren Zhengfei ရဲ့ ငွေကြေးပိုင်ဆိုင်မှုအပေါ်အကျိုးသက်ရောက်မှုများရှိနေပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ 5G နည်းပညာကြောင့် တရုတ်နိုင်ငံအတွင်းစမတ်ဖုန်းထုတ်လုပ်သူဘီလျံနာများရဲ့ငွေကြေးပိုင်ဆိုင်မှုများကတော့တိုးများလာတယ်လို့ Hurun China Rich List ကဖော်ပြထားပါတယ်။
 
 
Huaweiတည်ထောင်သူ Ren Zhengfei ရဲ့ငွေကြေးပိုင်ဆိုင်မှုက ယမန်နှစ်မှာ ၁၀ ရာခိုင်နှုန်းအထိကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံအထိရောက်ရှိသွားတယ်လို့ Hurun က အောက်တိုဘာလ ဒုတိယပါတ်၊ အင်္ဂါနေ့ မနက်က ထုတ်ပြန်ခဲ့ပါတယ်။
 
မနှစ်က တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှာ Ren Zhengfei က အဆင့် ၁၆၂ ယောက်မြောက်မှာရှိပေမယ့် ယခုနှစ်မှာတော့ အဆင့် ၂၇၇ အထိကျဆင်းသွားပါတယ်။ 5G နည်းပညာ ထွန်းကားလာမှုကြောင့်စမတ်ဖုန်းထုတ်လုပ်တဲ့ တရုတ်ဘီလျံနာများရဲ့ငွေကြေးပိုင်ဆိုင်မှုများကလည်း တိုးများလို့ လာပါတယ်။
 
အဲဒီအထဲမှာ Xiaomi တည်ထောင်သူ Lei Jun ရဲ့ပိုင်ဆိုင်မှုက ယခင်နှစ်ရဲ့ ၇၅ ဘီလီယံယွမ်ကနေ ၁၇၀ ဘီလီယံယွမ်အထိ နှစ်ဆတိုးများလာပါတယ်။ ထို့အတူ
 
Vivo နဲ့ Oppo တည်ထောင်သူတွေဖြစ်ကြတဲ့ Shen Wei နဲ့ Chen Mingyong တို့ရဲ့ ပိုင်ဆိုင်မှုကလည်းယွမ်သန်းပေါင်း ၁၈ သန်းနဲ့ ၁၇.၅ သန်းစီ အသီးသီးပိုင်ဆိုင်ထားကြတယ်လို့ Hurun ကဖော်ပြထားပါတယ်။
 
Hurun ကနေ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးဘီလျံနာအယောက်ပေါင်း ၂,၃၀၃ ယောက်ကိုစာရင်းပြုလုပ်ထားတာဖြစ်ပြီး အဲဒီအတွက် Public Database တွေ၊ စီးပွားရေးကျွမ်းကျင်သူတွေရဲ့အင်တာဗျူးတွေ၊ အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်တွေနဲ့ အခြားသတင်းအရင်းအမြစ်တွေကနေ စစ်တမ်းကောက်ယူကာ စာရင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။
 
Hurun ရဲ့ ခန့်မှန်းတွက်ခြေအရ စာရင်းထဲမှာပါရှိတဲ့ဘီလျံနာများရဲ့ ယမန်နှစ်ငွေကြေးထားသိုသိမ်းဆည်းထားနိုင်မှုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံအထိရှိပြီး ယခုနှစ်မှာတော့ ငွေကြေးအားလုံးပေါင်းပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၄ ထရီလီယံအထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒါက ကမ္ဘာ့လေးခုမြောက်အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ပြည်တွင်းထုတ်ကုန်ငွေကြေးစုစုပေါင်းထက် ပိုများပါတယ်။ 
 
 
အထက်ပါစာရင်းအချက်အလက်တွေကို ဩဂုတ်လ ၂၈ ရက်မှာ Hurun ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Alibaba လုပ်ငန်းစုကြီးရဲ့တည်ထောင်သူ Jack Ma နဲ့သူ့ရဲ့မိသားစုတို့က ပိုင်ဆိုင်မှုငွေကြေးပေါင်းအမေရိကန်ဒေါ်လာ ၅၈.၈ ဘီလီယံနဲ့ စာရင်းရဲ့ထိပ်ဆုံးမှာသုံးနှစ်ဆက်တိုက် ဦးဆောင်နေပါတယ်။ အခုကတော့ယမန်နှစ်ထက် ၄၅ ရာခိုင်နှုန်းတိုးများလာတာလည်းဖြစ်ပါတယ်။
 
Tencent တည်ထောင်သူ Pony Ma ကယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာပြီးပိုင်ဆိုင်မှုပေါင်း အမေရိကန်ဒေါ်လာ ၅၇.၄ ဘီလီယံနဲ့ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ Tencent ရဲ့ Gaming စီးပွားရေးအမြတ်အစွန်းကို တွက်ချက်ရာမှာခန့်မှန်းထားတာထက် အကျိုးအမြတ်ပိုမိုရရှိတာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ Tesla၊ Meituan ၊ Pinduoduo နဲ့ JD.com တို့လို ကုမ္ပဏီတွေအပေါ်ရင်းနှီးမြှပ်နှံမှုတွေကနေငွေကြေးအကျိုးအမြတ်ရရှိတာတွေလည်း ပါဝင်ထည့်တွက်ထားတယ်လို့ Hurun က သူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
Ref : www.scmp.com
 
(ပိုပိုလေး)

22 Oct 2020     44,742 Views




RELATED

Most Popular of Special or Others

Most Popular of NEWS