BEC-TERO TV

ဒုတိယအကြိမ် ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရတဲ့ အောင်ရင်

28 Dec 2020     104,529 Views


ဇနီးဖြစ်သူနှင့်အတူ အင်္ဂလန်နိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော်ကြီး ဦးအောင်ရင်ဟာ ဒုတိယအကြိမ်အဖြစ် ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ ယခုတစ်ခါမှာတော့ သူနှင့်အတူ ဇနီးဖြစ်သူမှာလည်း Covid positive တွေ့ရှိခဲ့တာကြောင့် ဇနီးမောင်နှံနှစ်ယောက်လုံး ကွာရန်တင်းဝင်နေရတယ်လို့ သိရပါတယ်။

ဦးအောင်ရင်နှင့် ဇနီးဖြစ်သူတို့ဟာ နေမကောင်းဖြစ်ခဲ့တာကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က Covid Swab test သွားရောက်စစ်ဆေးရာမှ နှစ်ယောက်လုံးတွင် ကိုဗစ် Positive တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုဗစ်ဖြစ်နေချိန်မှာ ရောဂါလက္ခဏာများအနေဖြင့် အပျင်းဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း နှင့် ခေါင်မူးပြီး မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်တွေကိုက်ခဲခြင်းကြောင့် အိမ်ရာထဲမှာသာ လှဲနေခဲ့ရပြီး ဇနီးဖြစ်သူကတော့ ပျို့အန်ခြင်းတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးအောင်ရင်တို့ ဇနီးမောင်နှံဟာ ကွာရန်တင်းဝင်နေတာ ၂ ပတ်ရှိပြီလို့ သိရပြီး ဂရုတစိုက် စားသောက်နေထိုင်မှုကြောင့် ဇနီးမောင်နှံနှစ်ယောက်လုံး ကျန်းမာရေးအခြေအနေ ပြန်လည်သက်သာလာပြီဖြစ်ကြောင်းကို ယခုလိုပဲ ရေးသားပြောပြထားပါတယ်။

"Covid positive ဖြစ်ပြီး ၂ ပါတ်အကြာမှာ ကျွန်တော်နဲ့ဒေါ်မိုးလည်း ကံကောင်းထောက်မစွာ ဆေးရုံမရောက် အသက်မပျောက်ပဲ ပြန်သက်သာလာပါတယ်ခင်ဗျာ။အိုခြင်း၊ နာခြင်း၊ သေခြင်း၊ တရားများရဲ့ နီးကပ်မှုကိုပိုမြင်လာရပါတယ်။ Covid ဖြစ်တဲ့ တောက်လျှောက်မှာ စိတ်ဓါတ်ကိုခိုင်မာအောင် အားတင်းထားပါတယ်၊ ဒီလို နေမကောင်းတဲ့အတောအတွင်းမှာ စိတ်ခွန်အားဖြစ်စေအောင် ဆေးတွေ စားစရာတွေ မေတ္တာများစွာနဲ့ လိုလေသေးမရှိ ချက်ပြုတ်ဝယ်ခြမ်းပြီး အိမ်တိုင်ရာရောက် လာပို့ပေးကြတဲ့ ဘိလပ်ကမိတ်ဆွေ သူငယ်ချင်းတွေအားလုံးကို တကယ် အသိအမှတ်ပြုပြီး ကျေးဇူးတင်နေရပါတယ်" ဆိုပြီး နေမကောင်းဖြစ်နေချိန်မှာ ဂရုတစိုက်ဝိုင်းဝန်းစောင့်ရှောက်ပေးကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။ 

ဦးအောင်ရင်ဟာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ပထမဆုံးအကြိမ် ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရတာဖြစ်ပြီး ယခုတွင် ဒုတိယအကြိမ် ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်ခံရကာ ဇနီးဖြစ်သူတွင်လည်း ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။  

 


28 Dec 2020     104,529 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment