BEC-TERO TV

ရန်ကုန်ဆေးရုံကြီးက ဆရာဒေါက်တာနန္ဒဝင်းရေးတဲ့စာ

23 Oct 2020     44,771 Views


ရန်ကုန်ဆေးရုံကြီးက ဆရာဒေါက်တာနန္ဒဝင်းရေးတဲ့စာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သွေးကြောထဲမှာ လည်ပတ်နေ အားလုံးပေးတဲ့ အားအင်တွေ…

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ နာမည်ကျော် Covid MO ကြီးကို မနေ့က စပြင်နေပါပြီ။ လူနာတွေကတော့ ဝင်လာမဆဲတသဲသဲပါပဲ။ တတ်နိုင်သလောက် ယခင်ကလို ကြပ်ပိတ်မနေအောင် ခေတ္တယာယီ အခန်းဖြစ်တဲ့ MU 4 ရယ် လသာ(၁) ရယ် Day care ရယ်ကတောင့်ခံပေးနေပါတယ်။

 

အခက်အခဲတွေရှိနေပါတယ်ဆိုတာတောင် ပြည်သူတွေကလည်း အားကိုးတကြီးနှင့် ရန်ကုန်ဆေးရုံကြီးကိုပဲ လာကြပါတယ်။ ရောက်လာတဲ့အများစုကလည်း အသည်းအသန်တွေများပါတယ်။ အရေးပေါ်အဖွဲ့ အပါအဝင် သမားတော်များ ခွဲစိတ်ဆရာဝန်များ ကျန်ဆရာဝန် သူနာပြု အလုပ်သမားများ အားလုံးပင်ပန်းနေကြပါပြီ။

 

ဆေးရုံကြီး ပင်မဆောင်ရှေ့ မှာ ယာယီရွက်ဖျင်တဲကြီးတစ်လုံး အမြန်ဆောက်နေပါတယ်။ Aircon သုံးလုံးပါပေမယ့် နေပူအောက်မှာဖြစ်လို့ ရေငွေ့မှုတ် ပန်ကာ (၂)လုံးပါ တပ်ဆင်ဖို့ စီစဉ်ပါတယ်။ အမည်မဖော်ပြတဲ့ သုဝဏ္ဏက မိတ်ဆွေတစ်ဦးက အဲဒီပန်ကာအတွက်လှူပါရစေ။ နောက်ပြီးသူ့အိမ်က လူနာ အသုံးပြုပြီး သေဆုံးသွားတဲ့ အသစ်စက်စက်နီးပါး Fowler bed တစ်လုံးလည်း လှူပါရစေ လို့ ဆက်ပါတယ်။ ထုံးစံအတိုင်း မိတ်ဆွေကြီး ကိုကို (အလုံသား) ကို အကူညီတောင်းရပါတော့တယ်။ ဆရာကိုကိုရေ ပိုးသတ် ဖြုတ်ပြီး သယ်လာခဲ့ပေတော့ဆိုတော့ ဆရာကိုကို ကလည်း အဆင်သင့်ပါဆရာ။ ပါရမီဖြည့်ပါရစေတဲ့။

 

ရှဲလာဘုတ်တွေနှင့်တည်ဆောက်မယ့် လူနာ (၁၂၀) ဆန့် သံကိုယ်ထည် ယာယီတဲကြီးရော အရေးပေါ်နောက်မှာ ဆောက်မယ့် ပေ၇၀ ပတ်လည်နီးပါး အဆောင်သစ်ရော မကြာခင် စတင်တော့မှာပါ သံထည် စတီးထည် ထုတ်လုပ်မှုပြီးနေပါပြီ။

 

ဘယ်လောက်ပဲချဲ့ချဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တဟုန်ထိုးတိုးဝင်လာတဲ့ လူနာတွေကို ကျွန်တော်တို့ တပင်တပန်း ကယ်တင်နေရတုံးပါပဲ။ သိက္ခာရှိရှိ ကုသနိုင်ရေး ကြိုးစားနေရဆဲပါပဲ။ လာတဲ့လူနာ အများစု (၆၀%) က သက်ကြီး သို့မဟုတ် ရောဂါရှိ သို့မဟုတ် ပြင်းထန် လူနာတွေချည်းပါပဲ။ ဆန်စင်ရာကျည်ပွေ့လိုက် ဆိုသလို ကျွန်တော်တို့ အောက်စီဂျင်တွေချဲ့ အဆောက်အဦတွေ ချဲ့ ငွေအားလူအား စိတ်ဓါတ်ခွန်အား ဘယ်လောက်ပဲ စိုက်စိုက် ခေါင်းမထောင်နိုင်သေးပါဘူး။ အဓိကက ပြည်သူတွေပါပဲ။

 

အိပ်ရာထဲလဲနေတဲ့ ဒီသက်ကြီးရွယ်အိုတွေ ရောဂါသည်တွေ ဒုက္ခိတ တွေ ဆီ ဘယ်က ရောဂါရောက်လာပါသလဲ။ မိသားစုဝင်တွေ သယ်လာတာပဲ ဖြစ်ပါတယ်။ အပြင်မထွက်နိုင်တဲ့ ဒီလူတွေဆီ အပြင်ကပြန်လာတဲ့သူတွေ ဆီမှာ ကပ်ပါ ငြိပါလာတဲ့ ပိုးတွေက ကူးတာပဲဖြစ်ပါတယ်။ အပြင်ကို တတ်နိုင်သလောက်မထွက်ပါနဲ့။ (stay home) တကယ်လို့ထွက်ရမယ်ဆိုရင်လည်း ပြန်လာရင် အိမ်အဝင်မှာပဲ အဝတ်လဲရန်ကြိုးစားပါ အဝတ်တွေကို မခါပါနဲ့ အပြင်ကဝယ်လာတဲ့ ပစ္စည်းများကို တတ်နိုင်ရင် ဖြစ်နိုင်ရင် အရက်ပြန်ဖျန်း ethanol spray ပေးပါ ကိုယ်လက်သန့်ရှင်းရေးလုပ်ပါ အချိန်ကြာကြာထွက်ရင် ရေချိုးပါ မျက်မှန်တပ်ပါက မျက်မှန်ပါဆေးပါ သိပ်ကြာရင် ခေါင်းပါလျှော်ပါ Mask တပ်ထားပါ သက်ကြီးရွယ်အိုရေဂါသယ်များနားကို အပြင်ခဏခဏထွက်သူတွေ မကပ်ပါနဲ့ ၆ပေအကွာကနေပါ။ အကယ်၍ မဖြစ်မနေကပ်ရမယ်ပြုစုရမယ် ဆို Maskတပ်ပါ လက်အိတ်လေးစွပ်ပါ တတ်နိုင်ရင် surgical gown လေး ဝတ်စေလိုပါတယ်။ မိသားစုများများ ရှိရင်တော့ ရောဂါသည်ကို အနီးကပ်ပြုစုသူတွေ ယခုကာလ အပြင်မထွက်ကြစေလိုပါ။ လိုက်နာရန် ခက်ခဲကောင်း ခက်ခဲပေမယ့် တကယ်လုပ်မယ်ဆို မလုပ်နိုင်စရာမရှိပါဘူး။

 

ကြိုးစားကြည့်စေလိုပါတယ်။ မိသားစုတိုင်းရဲ့ အိမ်ဦးခန်းက သက်ကြီးတွေကို တဖြုတ်ဖြုတ် မကြွေစေလိုပါ။ ကြိုးစားစောင့်ထိန်းကြပါဦး။

 

ရန်ကုန်ဆေးရုံကြီးကို လှူပေးတဲ့ အလှူရှင်တွေကလည်း မနည်းပါဘူး။ ဆေးရုံအုပ်ကြီးရုံးခန်းရှေ့မှာ နေ့စဉ် အလှူရှင်တွေ ရောက်ရောက်လာပါတယ်။ အစားအသောက်ဆိုလည်း မနက်စောစာ ကလွဲလို့ ကျန် အချိန် အပြည့်အလျှံပါပဲ။ မနေ့ကဆို မိုင်းဖုံးဆရာတော်ကြီးရဲ့ ရန်ကုန်ဒကာ ရင်းများက ဆရာတော်ကြီး မိန့်လို့ ဆိုပြီး ကျွန်တော့်ဆီကို ဆရာတော်သိဒ္ဓိတင်ထားတဲ့ လက်ပတ်ကြိုးတစ်ချို့နှင့် ပုံတော်များ ပို့ဆောင်ပေးပါတယ်။ တာချီလိတ်ကနေ နောက်ထပ် လက်ပတ်ကြိုးတွေ ကားနှင့် ပို့ဆောင်ပေးဦးမယ်ဆိုပါတယ်။ ရှမ်းပြည်ရဲ့ လက်ကျန်သံယောဇဉ်တွေပါပဲ။ ရှေ့တန်းမှ ယုံကြည်သူ ဆရာဝန်ဆရာမများ ဝန်ထမ်းများအတွက် မျှဝေပေးပါ့မယ်။ (လာယူလို့ရပါတယ် အရေးပေါ်ကိုတော့ ဆရာမကြီး ချောစုက တဆင့်ဝေပြီးပါပြီ) ရေမန်း ဘူးတွေလည်း ပါလာပါတယ်။ ထပ်ရောက်လာရင်လည်း ထပ်ပို့ပေးမယ်လို့ ဆိုပါတယ်။ ဘာသာရေးအရ စိတ်ဓါတ်အားအင်တစ်ခုပါပဲ။ ချစ်ခင်ရတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦးကလည်း ကျွန်တော် ခုရက်ပိုင်း အထူး ဆရာတို့အတွက် ဆုတောင်းပေးနေတယ် ဆိုပြီး ဗြုန်းကနဲရောက်လာ လူကိုသိုင်းဖက် အားပေးသွားပါသေးတယ်။

 

စေတနာ့ဝန်ထမ်း ညီငယ်ညီမငယ်တွေလည်း ပင်ပန်းလှပါပြီ။ အောက်စီဂျင်အိုးတွေကို မနိုင့်တနိုင်သယ်လို့ လက်ထိသူတွေ ခြေထောက်ကွဲသူတွေ အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ လူနာသယ်ရလို့ လက်မောင်းတွေကိုက် ကိုယ်လက်ကိုက်ခဲ ပင်ပန်းဆင်းရဲတဲ့ သူတို့ကို ကြည့်စိတ်မကောင်းလှပါဘူး။ ဒါပေမယ့် သူတို့လေးတွေကတော့ ချမယ်ဆရာ ကိုဗစ်မပြီးမချင်း မပြန်ဘူးတဲ့။ လူကြည့်တော့ တောက်နေတဲ့ မျက်လုံးလေးတွေပဲ ကျန်ပါတော့တယ်။

 

တက္ကသိုလ်ကျောင်းသားလေးတွေ တသက်လုံးမပင်မပန်းနေလာသူတွေ ကို ခုမှ ပင်ပင်ပန်းပန်း ခိုင်းမိသလိုဖြစ်နေတော့ ကိုယ်တိုင်ရဲ့ စီမံမှုကိုအားမရပါဘူး။ ကျွန်တော့်ဘဝမှာ အများအတွက် လိုအပ်လာရင် တောင့်တရုံနှင့် ပြည့်တတ်တာ ကံကောင်းခြင်းပါပဲ။ အလုပ်သမားတွေ ပြတ်လတ်နေလို့ စေတနာ့ဝန်ထမ်းတွေ မနိုင်မနင်းဖြစ်နေတယ် ဆရာ စိတ်ပင်ပန်းနေတယ်ဆိုတာ မမ ဒေါက်တာသန္တာဝင်း ဆီက သိသွားတဲ့ တန်ဖိုးသင့်နေ့လည်စာ ကို စတည်တုန်းက စားဖိုမှူးအဖြစ်ပါဘူးတဲ့ တပည့်ကျော် အရှည်ကြီး မနေ့က ရောက်လာပါတော့တယ်။ ကျွန်တော့်ကို အတင်းဖက်ပြီး ဆရာ ရန်ကုန်ရောက်လာတာ တပည့်ပျော်တယ်။ ဆရာလိုအပ်တာ တပည့်ကူမယ်။ လူနာတွေ ဆရာမတွေကို ကူသူနည်းတဲ့ ညပိုင်း တပည့်တို့ လာဆင်းပေးမယ်။ ဆူဆူ ဆဲဆဲ ကြိုက်တာခိုင်း မမယ် သယ်မယ်ပိုးမယ် တဲ့။ PPE ဝတ်တာလည်း သင်ပေးပါ ကြိုးစားပါ့မယ်တဲ့။ အရှည်ကြီးခေါ်လာတဲ့ လူဟောင်းလူသစ် (၈)ဦး ကို ကြည့်ရင်း ကြည်နူးရပါတယ်။ ဟေ့ကောင်တွေ လူချင်းတိုက်ရ ရိုက်ရမှဦမဟုတ်ဘူး။ တိုက်ရမှဦ ရောဂါနဲ့ မြင်တဲ့အရာမဟုတ်ဘူး စဉ်းစားဦးဆိုတော့ မကြောက်ဘူးဗျာ ဆရာလိုနေချိန်တိုင်း တပည့်တို့ ရှိနေမှာပါဆိုတဲ့ ခပ်ကြမ်းကြမ်း ဗလတောင့်တောင့် (စတော့ဂိတ်ကုန်း ပတ်ဝန်းကျင်က) တပည့်တစ်သိုက်ကို ကြည့်ရင်း New version of Guy of Yangon တော့လာချေပြီလို့တောင် ရုတ်တရက် ရယ်ပြီး တွေးလိုက်မိပါသေးတယ်။

 

ညှိုနှိုင်းစေ့စပ်မှုတွေလုပ်ရလွန်းလို့ ကိုဗစ်ပြီးရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သွားလုပ်မယ် မြန်မာပြည်က ဦးသန့် ပြီးရင် ဦးနန် လာမယ်လို့ စပြောနေမိရာက ကိုဗစ်ကာလအတွင်း မိုက်မိုက်ကန်းကန်း အလုပ်လုပ်မယ့် သစ္စာရှိ တပည့်ဟောင်းတွေနှင့် လမ်းမတော်ဖိုးတုတ် မဟုတ်တဲ့ လမ်းမတော် ဖိုးနန် ဖြစ်ရပြီလား လို့ ရယ်စရာ အဖြစ် တွေးမိပါသေးတယ်။ ရာထူးတူပေမယ့် အတွေ့အကြုံရှိပြီး အလုပ်သမားတွေကို စီမံခန့်ခွဲသူဖြစ်တဲ့ ဆရာ ဒေါက်တာခင်မောင်ကြီးကို တင်ပြလိုက်ပါတယ်။ ကျွန်တော့်တပည့်တွေ အလုပ်သမားနေရာ တစ်ပတ် လူလိုတဲ့ ညပိုင်း တာဝန်ယူပေးပါမယ်။ (တစ်ပတ်ပြည့်လို့ positive အလုပ်သမားတွေ ပြန်လာရင်တော့ နားရင်နားပေါ့) ညစာထမင်းလေးတော့ကျွေးပါ လို့တောင်းဆိုထားပါတယ်။ သူတို့လေးတွေ ဘဝအတွက် ရုန်းကန်နေရတာဖြစ်လို့ လိုအပ်တဲ့ထောက်ပံ့မှုကိုတော့ ကျွန်တော်တို့ တန်ဖိုးသင့်နေ့လည်စာရဲ့ CSR ငွေကြေးများ နှင့် ဂုဏ်ပြုမှတ်တမ်း ပေးစရာမလိုဘူး အမည်ဖော်မပြရင်တောင်ရတယ် ကြိုက်တာသုံး ဆိုတဲ့ ကျွန်တော့်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသူ ထာဝရ မိတ်ဆွေတွေ ပေးပို့ထားတဲ့ စာရင်းအတိအကျနှင့် အလှူငွေထဲက ထောက်ပံ့သွားပါ့မယ်။ သတိရှိရှိ မိုက်ကြစမ်းပါ တပည့်တို့ရာ။

 

ခေတ်သစ် ဖောင်ဒေးရှင်းက လွှတ်ပေးထားတဲ့ သန့်ရှင်းရေး စေတနာ့ဝန်ထမ်း (၅)ဦးကတော့ ကြမ်းတိုက်စက်တွေ ကြွေပြားချောစက်တွေ ဆေးတွေနှင့် အရေးပေါ်ထဲမှာ လက်မလည်ပါဘူး။ တဖြည်းဖြည်း ကာလကြာရှည်က ချေးညော်တွေကင်းပြီး တောက်လာတဲ့ အရေးပေါ်လေးကို ကြည်နူးနေမိပါတယ်။

 

နောက်ထပ် အမ တစ်စုက စုပေါင်းပြီး ရန်ကုန်ဆေးရုံကြီးပင်မဆောင် လျှောက်လမ်းများအားလုံးကို သန့်ရှင်းရေး နေ့စဉ်လုပ်ပေးဖို့ စေတနာဝန်ထမ်းတွေလွှတ်ပေးပါရစေ ဆိုပြီးကမ်းလှမ်းလာပါတယ်။ အများအတွက် ကောင်းတဲ့ အရာမို့ ချက်ချင်းပဲ ခေါင်းညိတ်မိပါတယ်။ တကယ်ညှိုနှိုင်းပြီ:လုပ်ဖြစ်တယ်ဆိုရင်တော့ ဆေးရုံအုပ်ကြီးကို တင်ပြ အမိန့်နာခံရပါမယ်။

 

အမှန်တော့ ကျွန်တော့်ကို ဆေးရုံအုပ်ကြီးက တာဝန်ပေးထားတာက အရေးပေါ်အဆောင်ပါ။ ဆရာကြီး ဝန်ကြီးကတော့ မင်းအားလုံးသိပါစေ အားလုံးကို ရိုကျိုးပါ။အားလုံးလိုအပ်တာ စွမ်းနိုင်သလောက်ဖြည့်စည်းပါ။ မင်းမာနချိုးနှိမ်လိုက်တာ ဆေးလောကတစ်ခုလုံးအတွက်လို့မှတ်ပါ။ ကိုယ်ကျင့်သီလကောင်းအောင် ကျန်းမာအောင်နေပါ။ ကိုယ်ကျင့်သီလကောင်းရင် ကျန်းမာရင် လေအားကောင်းတဲ့ဘောလုံးတစ်လုံး လိုဖြစ်နေမှာပါ။ ဘောလုံး ဟာလေအားကောင်းလို့ အမြဲရေပေါ်မှာနေပါတယ် သူ့ကို ဘယ်လောက်အားနှင့် ဖိဖိ ရေပေါ်မှာပဲ ဘွားကနဲ တက်လာပါတယ်။ မင်းလည်း ဒီအချိန်မှာ လိုအပ်ချက်တွေရှိသူတိုင်းကို လုပ်ပေးနိုင်သလောက်လုပ်ပေးပါ။ ကိုယ်လုပ်ပေးတာ လူကြီးတွေကို တင်ပြပေးပါ။ မင်းကြောင့် အားလုံး စိတ်ချမ်းသာပါစေ။ မင်းနောက်မှာ ငါရှိတယ်တဲ့ (ရန်ကုန်ဘဆွေ ရေးတဲ့ “တိုက်၍ယူရသည့် မျက်ရည်တစ်ပေါက်” ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုတောင် သတိရမိပါသေးတယ်)

 

ဆရာကြီးဒေါက်တာဇော်ဝေစိုးကလည်း တစ်နေ့တစ်နေ့ လူရော ဖုန်းရော အကြိမ်ကြိမ်တွေ့ပါတယ်။ မနေ့က ရွေ့လျား ဓါတ်မှန်စက် ပြဿနာလေး နည်းနည်းရှိတာကို တင်ပြလိုက်တာ ဆရာကြီ:က ပြောလိုက်တာနှင့် အလှူရှင်ကချက်ချင်းရောက်လာခဲ့ပါတယ်။ မနေ့ညက တစ်လုံးရပါပြီ။ ဒီနေ့မနက် ထပ်ရပါဦးမယ် သုံးလုံး ကနေ လေးလုံးအထိ လှူမယ်လို့ကြားပါတယ်။ အလှူရှင်အမေကြီးကတော့ ကျွန်တော်တို့ ဆိမှာ ဆေးကုသမှု မနေ့က စတင်ခံယူခဲ့ရပါတယ်။ အမေကြီ: အမြန်ဆုံးကျန်းမာ သက်ရှည်ပါစေ။  စည်ပင်ကော်မတီ မဝိုင်းတို့ We love Yangon ကလည်း အင်ပြည့်အားပြည့် ကူညီကြပါတယ်။

 

စွမ်းသလောက်တော့ကြိုးစားနေပါတယ်။ ချစ်ခင်သူတွေ ပေးတဲ့ အားတွေ ခံစားရပါတယ်။ ကျွန်တော်တို့ နိုင်မှာပါ။ ပြည်သူသာ နားလည်မှု နှင့်လိုက်နာရင် မြန်မြန် အကျအဆုံးနည်းနည်းနှင့်အောင်မြင်ပြီး ပြည်သူတွေသာ Mask မေးချိတ် လာရားလာရား နှင့် စည်းကမ်းမလိုက်နာရင်တော့ အကျဆုံး များများ ပေးဆပ်ပြီးမှ အောင်မြင်ပါလိမ့်မယ်။

 

ပြည်သူတွေ ပါဖို့ ပြည်သူတွေကပဲ ကြိုးစားပေးကြပါဉီး။

Dr. Nanda Win

 


23 Oct 2020     44,771 Views




RELATED

Most Popular of Special or Others

Most Popular of NEWS