BEC-TERO TV

သရဲပုံစံမိတ်ကပ်လိမ်းခြယ်ပြီး သေဆုံးသွားတဲ့သူတွေရဲ့အဝတ်အစားများကိုရောင်းတဲ့ အွန်လိုင်းဈေးသည်

09 Jun 2020     42,989 Views


အွန်လိုင်းဈေးသည်အမျိုးသမီးတစ်ဦးသည် သေဆုံးသွားတဲ့သူတွေရဲ့ အဝတ်အစားများနှင့် ရုန်းကလီးယားဈေးက ဝယ်ယူလာတဲ့ တစ်ပတ်ရစ်အဝတ်အထည်များကို မကြောက်မရွံ့ဘဲ Live လွှင့်ရောင်းချနေတဲ့ ဗီဒီယိုဖိုင်လေးဟာ အွန်လိုင်းမှာ ပျံ့နှံ့ပြီးနောက် ကြည့်ရှုသူများပြားကာ မြင်သူတိုင်းကိုလည်း ကြက်သီးထသွားစေတယ်။ သေဆုံးသွားတဲ့သူတွေရဲ့ အဝတ်အစားများဖြစ်ပေမယ့်လည်း အထည်တွေအားလုံးကို ဘုန်းကြီးတွေက အနရ္တာယ်ကင်းပရိတ်ကြီးများရွတ်ဆိုထားကြောင်း၊ ဝယ်သူများ အနေဖြင့် စိတ်ချလက်ချဝတ်ဆင်နိုင်ကြောင်း ကြောက်စရာမလိုပါဘူးလို့ သူကဆိုပါတယ်။ ရောင်းလို့ရတဲ့ အကျိုးအမြတ်တချို့ကိုတော့ အထည်များရဲ့ မူရင်းပိုင်ရှင် သေဆုံးသွားတဲ့သူတွေအတွက် ကုသိုလ်ဒါန ပြုလုပ်ပေးပါတယ်လို့ ဆိုပါတယ်။

အွန်လိုင်းမှာစိတ်ဝင်စားမှုများနေတဲ့ ထို အွန်လိုင်းဈေးသည်အိမ်သို့ သတင်းထောက်များ သွားပြီး စကားပြောဆိုခဲ့ကြပါတယ်။ သူ့အိမ်မှာ Live လွှင့်ရောင်းချမယ့် အထည်တွေအများကြီးရှိနေတာ တွေ့ခဲ့ရပြီး၊ အချို့အထည်တွေမှာဆိုရင် မူရင်းပိုင်ရှင်က ဘာအကြောင်းနဲ့သေဆုံးလဲဆိုတာ စာနှင့်တကွ ရေးကပ်ထားတာ တွေ့ရှိခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဖိတ်ချဘွန်း ခရိုင်ရှိ အသက် (၄၀) အရွယ် ထိုအွန်လိုင်းဈေးသည်အမျိုးသမီးက သတင်းထောက်များကို သူမသည် ရုန်းကလီးယားဈေးက ရွေးလာတဲ့ တစ်ပတ်ရစ်အထည်များကို ပိုမိုလှပအောင် ပြန်လည်ရေးဆွဲခြယ်သပြီး Live လွှင့်ရောင်းတဲ့ အွန်လိုင်ဈေးသည်တစ်ဦးပါလို့ သူ့ကိုယ်သူ မိတ်ဆက်ခဲ့ပါတယ်။ တခါတရံလည်း ကွယ်လွန်သွားသူများ၏ ဆွေမျိုးများက အဝတ်အစားများကို သူမထံ လာရောင်းပေးပြီး၊ သူမလည်း ဝယ်ထားကာ ပြန်ရောင်းချလျက်ရှိတယ်။ သို့သော် သူမ ဝယ်လာတဲ့အထည်တိုင်းကို ဘုန်းကြီးတွေက အနရ္တာယ်ကင်းပရိတ်ရွတ်ဆို ခြင်းပြုလုပ်ပေးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ရုန်းကလီးယားဈေးက ရွေးလာတဲ့အထည်တွေကလည်း ကွယ်လွန်သွားတဲ့သူတွေရဲ့ အဝတ်အစားတွေ ဟုတ်မဟုတ်ဆိုတာ ကိုယ်လည်း မသိရတဲ့အတွက်ကြောင့် အားလုံးစိတ်ချမ်းသာအောင် မရောင်းခင် အရင်အန္တရာယ်ကင်းပရိတ်ရွတ်ဆိုခြင်းများပြုလုပ်ပါတယ်လို့ သူကဆိုပါတယ်။

အခုလို သရဲတစ္ဆေပုံစံလိုလိမ်းခြယ်ရခြင်းကတော့ မိတ်ကပ်မလိမ်းခြယ်ခင်တစ်နေ့တွင် အိမ်မှာ ရေကမလာ ရေကလည်းမချိုးရ၊ Live လွှင့်ဈေးရောင်းမည့်အချိန်ကလည်း ကပ်၊ နောက်ဆုံး မတတ်နိုင်တော့ စိတ်ကူးရပြီး သရဲပုံစံလို ပေစုတ်စုတ် မိတ်ကပ်လိမ်းပြီးတော့ Live လွှင့်ဈေးရောင်းလိုက်တယ်။ ထိုအခါ အရင်တုန်းက Live လွှင့်တာ ကြည့်ရှုသူအယောက် ၄၀-၅၀ သာရှိခဲ့ပြီးတော့၊ သရဲပုံစံလိုမိတ်ကပ်လိမ်းခြယ်မှ အချိန်တိုအတွင်းမှာပဲ ကြည့်ရှုသူအဆများစွာ ထောင်နဲ့ချီတိုးများလာတာ ဖြစ်သွားတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ညဆို ကြည့်ရှုသူပေါင်း အယောက် ၄၀၀၀ ကျော်တောင်ရှိသွားခဲ့ပြီး ရောင်းအားလည်းပိုသွက်လာတယ်။ ထို့နောက် အဲ့ဒီအချိန်ကစပြီး သရဲပုံစံလိုမိတ်ကပ်လိမ်းပြီး တစ်နေ့တစ်မျိုး မရိုးရအောင်ပုံစံအမျိုးမျိုးနှင့် Live အမြဲလွှင့်ဖြစ်သွားတယ်လို့ ဆိုပါတယ်။

သူမရဲ့ ထပ်မံပြောကြားချက်အရ သရဲပုံစံလိုခြယ်သပြီး ပထမဆုံး Live စလွှင့်တဲ့နေ့တွင် သူမ အပျော်သဘောလေးနဲ့ လုပ်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီနေ့မှာပဲ သူမ သရဲခြောက်ခံရတယ်လို့ ဆိုပါတယ်။  ညည့်နက်အချိန် (၁) နာရီ ဝန်းကျင်လောက်တွင် နာရီဝက်ခန့် Live စလွှင့်ပြီးသွားချိန် ဝယ်သူကိုပြရန်အတွက် သူမ ဘောင်းဘီလှမ်းယူနေတဲ့အချိန်မှာ မဲမှောင်နေသောမီးခိုးငွေ့ကြီးက သူမရဲ့အရှေ့ကိုဖြတ်သွားပြီး အိမ်ကြီးရဲ့အနားမှာ တည်ထားတဲ့ နတ်စင်ဘက်တွင် ပျောက်ကွယ်သွားခဲ့တယ်။ ပြီးနောက် နောက်ဖေးမှာလည်း အရာဝတ္ထုတစ်ခုခုပြုတ်ကျသံ ကြားရတယ်။ ထို့နောက် သူမ ကြက်သီးတွေထပြီး ကြောက်လာတယ်လို့ ခံစားရတယ်။ ထို့အခါ သူမက နာနာဘာဝက ဝိညာဉ်များတို့ကို အနှောင့်အယှက်ပေးရန်မဟုတ်ဘဲ သူမ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေသည်ဟု၊ အမှားများလုပ်မိသွားရင်လည်း တောင်းပန်ပါတယ်ဟု ပြောကြားပြီး Live ချက်ချင်းပိတ်လိုက်တယ်။ ထို့နောက် ညတိုင်း Live မလွှင့်ခင်မှာ နာနာဘာဝမှဝိညာဉ်များ အိမ်စောင့်နတ် ရပ်ရွာစောင့်နတ်များအားလုံးတို့ကို ပန်းများအမွှေးတိုင်များနှင့် ထွန်းညှိပြီး မေတ္တာပို့ ကန်တော့ပြုပြီးမှသာ Live လွှင့်ဖြစ်တော့တယ်။ အဲ့ဒီနောက် နောက်ထပ်ဘာမှမဖြစ်ပွားတော့ဘဲ အဆင်ပြေသွားတယ်လို့ ဆိုပါတယ်။

အခုလို သေဆုံးသွားတဲ့သူတွေရဲ့အဝတ်အစားတွေ ရုန်းကလီးယားဈေးက တစ်ပတ်ရစ်အထည်တွေ ရောင်းနေတာ မကြောက်ဘူးလားလို့ သူမကို မေးတဲ့သူတွေရှိပါတယ်။ သူမက ဒါဟာ သေဆုံးသွားတဲ့သူတွေရဲ့ တစ်ပတ်ရစ်အဝတ်အစားတွေဖြစ်ပေမယ့် သမာအာဇီဝနည်းနဲ့ လုပ်ကိုင်စားသောက်တဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့် ရှက်စရာလည်း မလိုသလို၊ ကြောက်လည်း မကြောက်ပါဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီထဲက ရောင်းလို့ရတဲ့ အကျိုးအမြတ်အချို့ကို မရှိဆင်းရဲသူတွေအား အခေါင်းအလှူဒါနပြုတယ်၊ နာရေးပရဟိတလုပ်ငန်းတွေမှာလည်း လှူဒါန်းဖြစ်တယ်။ ဒါဟာ အထည်များ၏ မူရင်းပိုင်ရှင်များအားလုံးအတွက်ကို ရည်စူးပြီး စေတနာနှင့် အလှူဒါနကုသိုလ်များ ပြုလုပ်ဆောင်ရွက်ပေးသွားတယ်လို့ ဆိုပါတယ်။

(ပိုပိုလေး)

 


09 Jun 2020     42,989 Views




RELATED

Most Popular of Special or Others

Most Popular of Reality Show