BEC-TERO TV

လူစွမ်းကောင်းလေးများနဲ့ Myanmar’s Got Talent 2019 Grand Final ည

16 Sep 2019     44,140 Views


Myanmar’s Got Talent ရဲ့ ရာသီတစ်လျှောက်လုံးမှာ မနေ့ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ 2019 Grand Final က စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ နောက်ဆုံး စကာတင်ကျန်ရစ်တဲ့ လူစွမ်းကောင်း ပြိုင်ပွဲဝင် (၁၀)ဖွဲ့ စလုံးရဲ့ ကိုယ်ရည်ကိုယ်သွေး Talent တွေကတော့ ပရိသတ်တွေကို ဆုံးဖြတ်ရ အလွန်ခက်ခဲစေခဲ့ပါတယ်။
 
Myanmar’s Got Talent 2019 ရဲ့ WINNER ဆုကို အသက်အငယ်ဆုံးပြိုင်ပွဲဝင် “ ဘုန်းမြတ်မင်း” (၅)နှစ် က ပရိသတ်တွေရဲ့ voting အများဆုံးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့် အခြားပြိုင်ပွဲဝင် အဖွဲ့ ၉ ဖွဲ့ရဲ့ ယှဉ်ပြိုင်မှုတွေ ကြိုးစားအားထုတ်မှုတွေကလည်း WINNER ဖြစ်ဖို့ ထိုက်တန်ကြတဲ့ သူတွေချည်းဖြစ်ပါတယ်။
 
 
ကျောက်ဆည်မြို့က ကလေးအဖွဲ့ဖြစ်တဲ့ “Baby Star” အဖွဲ့က ပထမဦးဆုံး ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ချင်းတိုင်းရင်းသားတွေ မဟုတ်ကြပေမယ့် ချင်းလူမျိုးတို့ရဲ့ ရိုးရာဝတ်စုံကို မြတ်နိုးမှုနဲ့ ဝတ်ဆင်ထားကြပြီး ချင်းရိုးရာ ဝါးညှပ်အကကို စည်းချက်ညီညီ တစ်ယောက်လက်ကနေ တစ်ယောက် ပြောင်းလဲကာ စကောဝိုင်းကပြသွားခဲ့ပါတယ်။
ဝါးညှပ်အကဆိုတာ အသင်းအဖွဲ့အလိုက် လုပ်ဆောင်ရတာဖြစ်ပြီး ညီညီညွတ်ညွတ်နဲ့ အမှားအယွင်းမရှိ ကပြသွားနိုင်ခဲ့ကြပါတယ်။
 
 
ဒုတိယပြိုင်ပွဲဝင် “မင်းမြတ်” ကတော့ မသန်သော်လည်း စွမ်းပါတယ် ဆိုတာကို သူကျွမ်းကျင်တဲ့ ခြင်းလုံးခတ်ပညာနဲ့ အရွယ်စုံအမျိုးအစားစုံ အသီးအနှံတွေကို ခြေထောက်နဲ့ အလှဆုံးခတ်ပြခဲ့တဲ့ မသန်စွမ်းပြိုင်ပွဲဝင် ဖြစ်ပါတယ်။ သူ့ရဲ့ ယှဉ်ပြိုင်တင်ဆက်မှုက ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေကို သဘောကျနှစ်ခြိုက်စေခဲ့ပါတယ်။
ယှဉ်ပြိုင်မှုအပြီးမှာတော့ “ယောက်ျားရေ.. ဖမ်လိုက်ပါဦး” ဆိုတဲ့ စကားက ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ကျန်ခဲ့ပါတယ်။
 
 
မြန်မာ့ရိုးရာ ဆင်အက “ရွှေစိုးရာဇာ”အဖွဲ့က ဆင်အက ကဖို့ဆိုရင်  ဘယ်လို စတင်လေ့ကျင့်ရတာလဲဆိုတာကို အဆင့်ဆင့်သရုပ်ဖော်ပြီး စတူဒီယိုခေါင်မိုး ထိအောင် ထပ်ထားတဲ့ ပီပါတိုင်ကီကြီးတွေပေါ်မှာ တက်ရောက်ကပြခဲ့ကြပါတယ်။ ချစ်စရာကောင်းတဲ့ ဆင်အကရဲ့ ဟန်ပန်တွေကို ပရိသတ်တွေ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုခဲ့ကြရပါတယ်။
 
 
ဒီနှစ် Myanmar’s Got Talent မှာ ထူးထူးခြားခြား အမေရိကန်နိုင်ငံသား မျက်လှည့်ဆရာတစ်ဦးလည်း ပါဝင်လာခဲ့ပါတယ်။ “Angelo” ဟာ မျက်လှည့်ပညာသာမက အိပ်မွေ့ချတဲ့အတတ်ပညာကိုပါ ကျွမ်းကျင်သူဖြစ်ပါတယ်။
Grand Final ညက သူ့ရဲ့ ပြကွက်ဟာ ဒိုင်တွေနဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေကို တွေးလို့မရအောင် အံ့အားသင့်သွားစေခဲ့ပါတယ်။ ဒါကတော့ ပရိသတ်တွေထဲက တစ်ယောက်ကို အရှင်လတ်လတ် အိပ်မွေ့ချကာ သေတ္တာတစ်လုံးထဲ ဝင်စေပြီး ပရိသတ်တွေရှေ့မှောက်မှာပဲ ရန်ကုန်မြို့ကနေ မန္တလေးမြို့ကို အရောက်ပို့ပြီး ဈေးသွားဝယ်ခိုင်းခဲ့တာဖြစ်ပါတယ်။
 
 
တရုတ်ခြင်္သေ့အကအဖွဲ့ “ဖုံးရီ” ရဲ့ တင်ဆက်မှုက ရုပ်ရှင်ဇာတ်ကားတစ်ကား ကြည့်နေရသလို စိုးရိမ်ထိတ်လန့်မှု၊ ဝမ်းနည်းကြေကွဲမှု၊ ဂုဏ်ယူပိတီဖြစ်ရမှု စတဲ့ ရသတွေအားလုံးကို အချိန်တိုလေးအတွင်းမှာ ပေးစွမ်းနိုင်ခဲ့ပါတယ်။
တရုတ်ခြင်္သေ့အကရဲ့ နောက်ကွယ်က စည်းလုံးညီညွတ်ခြင်း၊ အပြန်အလှန်ယုံကြည်ခြင်း၊ စွန့်လွှတ်စွန့်စားခြင်း၊ အဖန်ဖန်တလဲလဲ ကြိုးစားအားထုတ်ရခြင်း စတဲ့ လူတိုင်းမလုပ်နိုင်တဲ့ အရည်အသွေးတွေကို ခက်ခက်ခဲခဲ ဖော်ကျူးသွားနိုင်ခဲ့ပါတယ်။
 
 
ပြိုင်ပွဲဝင် “Damien” ဟာ နိုင်ငံတကာမျက်လှည့်ဆရာလောကမှာ အသိမှတ်ပြုခံရမှု တစ်စုံတစ်ရာ ရရှိထားတဲ့ မျက်လှည့်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Grand Final ညမှာတော့ သူငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့ရတဲ့ အရောတွေကို Myanmar’s Got Talent စင်မြင့်ထက်၊ ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ ချပြခွင့်ရခဲ့ပါတယ်။ 
မြူနှင်းတွေ ကွက်ကျားမိုးတွေ ဖန်တီးပြီး မိန်းကလေးတစ်ယောက်ကို ဖျောက်ပြခဲ့တဲ့ ပြကွက်တွေကြောင့် Myanmar’s Got Talent 2019 ရဲ့ First Runner Up ဖြစ်ခဲ့ပါတယ်။
 
 
မန္တလေးမြို့က ရုပ်သေးပညာရှင် “ဇော်နိုင်ဝင်း” က ဒီတစ်ခါတော့ လူတစ်ရပ်လောက်ရှိတဲ့ ဦးရွှေရိုးအရုပ်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး စင်ပေါ်မှာ လူနဲ့အရုပ် ယှဉ်တွဲကရတဲ့ “ဦးရွှေရိုး ဒေါ်မိုး” ကကွက်ကို ထူးခြားစွာပြသနိုင်ခဲ့ပါတယ်။
သူကပြခဲ့တဲ့ ဦးရွှေရိုး အရုပ်ဟာ သာမန်အရုပ်တွေလို မဟုတ်ပဲ ပါးစပ်၊ မျက်စိ၊ မျက်ခုံး အားလုံးတို့ကို လူတစ်ယောက်ကဲ့သလို့ လှုပ်ရှားနိုင်ပြီး ဟန်ပန်အမူအယာနဲ့ သီချင်းတွေပါ လိုက်ဆိုတဲ့ သဏ္ဍန်ဖြစ်အောင် ဖန်တီးကပြယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
 
 
အသက်အငယ်ဆုံး မြန်မာ့ရိုးရာ သိုင်းပြောင်းပြန်ပညာရှင် “ဘုန်းမြတ်မင်း” က ပရိသတ်တွေအားလုံးကို အံ့သြတုန်လှုပ်သွားစေတဲ့ ပြကွက်နဲ့ ယှဉ်ပြိုင်ပြသခဲ့ပါတယ်။ 
မျက်နှာကို အဝတ်စည်းထားတဲ့ “ဘုန်းမြတ်မင်း” က လူကြီးတစ်ယောက်ရဲ့ လည်ပင်ပေါ်မှာ ထောင်ထားတဲ့ သခွားသီးတွေကို ဓားရှည်နဲ့ ခုတ်ပြခဲ့တဲ့ ပြကွက်က အသက်ရှုမှားလောက်အောင် ရင်သပ်ရှုမောခဲ့ရပါတယ်။ 
ဒီပြကွက်ကြောင့်ပဲ Myanmar’s Got Talent 2019 ရဲ့ WINNER ဖြစ်သွားခဲ့ပါတယ်။
 
 
မြန်မာ့ဂုဏ်ဆောင် မသန်စွမ်း အားကစားရွှေတံဆိပ်ဆုများရှင် “ဝင်းဆန်းအောင်” က Rocker ကြီး ဇော်ဝင်းထွဋ် ရဲ့ သီချင်းကို အကမယ်လေးများနဲ့ အတူတူ ကိုယ်တိုင်ဝင်ကသီဆိုပြီး ကီးဘုတ်အပြင် ဂစ်တာတို့ကိုပါ တီးခတ်ပြသွားခဲ့ပါတယ်။ ပရိသတ်တွေနဲ့ ဒိုင်တွေအားလုံးကို စိတ်ရွှင်လန်း မြူးကြွစေပြီး ‘မင်းကတော့ ဆော်ကြည်ဘဲ’ ဖြစ်ပြီလို့ မိုမို့မြင့်အောင် က ကွန်မန့်ပေးခဲ့ပါတယ်။
 
 
နောက်ဆုံးပြိုင်ပွဲဝင်ကတော့ ပရိသတ်တို့ရဲ့အချစ်တော် နိုင်ငံ့ဂုဏ်ဆောင် “သားတို့အမွှာမိုးဖြိုး” ဖြစ်ပါတယ်။ ဇော်ဂျီနဲ့ သူယောင်မယ် ဇာတ်လမ်းကို မိုးပျံစက်သီးကြိုးတွေသုံးပြီး ကပြယှဉ်ပြိုင်သွားတာဟာ နိုင်ငံတစ်ကာအဆင့်မီ အော်ပရာပြဇာတ်ကြီးတစ်ခုကို ကြည့်နေရသလို သူတို့ရဲ့ဖန်တီးမှုတွေက လတ်ဆတ်ခေတ်မှီလှပါတယ်။ 
စက်သီးကြိုးစီးပြီးကပြရာမှာလည်း စည်းချက်နဲ့အညီ ချောမွေ့အကွက်ကျ လှပလွန်းတာကြောင့် ပရိသတ်တွေ တခဲနက်အားပေးခဲ့ပြီး Myanmar’s Got Talent ရဲ့ Second Runner Up ဖြစ်သွားခဲ့ပါတယ်။
 
 
Myanmar’s Got Talent 2019 ပြိုင်ပွဲကြီးကနေ ကမ္ဘာ့အဆင့်မီ Talent ရှိတဲ့ မြန်မာ့လူစွမ်းကောင်းတွေကို ကမ္ဘာကပါသိအောင် ချပြနိုင်ခဲ့ပါပြီ။
နောက်လာမယ့်နှစ်တွေမှာလည်း နောက်ထပ် ဘယ်လို ရွက်ပုန်းသီး လူစွမ်းကောင်းများ ပေါ်ထွက်လာဦးမလဲဆိုတာ ထပ်မံစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

16 Sep 2019     44,140 Views




RELATED

Most Popular of Myanmar’s Got Talent

Most Popular of NEWS