ATM စက်တွင် အချက်အလက်ခိုးယူစက်တပ်ဆင်ထားမှု စစ်ဆေးတွေ့ရှိ
04 Jun 2017 1,541 Views
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Siam Commercial Bank ၏ ATM ငွေထုတ်စက် တစ်ခုတွင် ဘဏ်ကတ်ပြားမှ အချက်အလက်များကို ခိုးယူနိုင်သည့် စက်တစ်ခု တပ်ဆင်ထားသည်ကို ထိုင်းရဲများက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အခြား ATM စက်များကိုလည်း ဆက်လက်စစ်ဆေးနေကြောင်း သိရှိရသည်။

စစ်ဆေးမှုများအရ အချက်အလက် ခိုးယူနိုင်သည့် စက်နှစ်မျိုးတပ်ဆင်ထားသည်ကို တွေ့ရှိခဲ့ရသည်။ ပထမတစ်ခုမှာ သေတ္တာပုံသဏ္ဍန်ဖြစ်ပြီး ATM စက်၏ ကင်မရာနေရာတွင် တပ်ဆင်ထားပြီး ကတ်ပြားပေါ်က နံပါတ်များကို ဖမ်းယူရန်ဖြစ်သည်။ နောက်တစ်ခုမှာ ATM ငွေထုတ်စက်၏ ကတ်ပြားသွင်းရာနေရာတွင် တပ်ဆင်ထားပြီး ငွေထုတ်ယူရန် ဘဏ်ကတ်ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် ဘဏ်ကတ်ထဲရှိ လျို့ဝှက်အချက်အလက်အားလုံးကို ခိုးယူသွားနိုင်မည်ဖြစ်သည်။

ယင်းအချက်အလက်များကို အသုံးပြုကာ ဘဏ်ကတ်အတု ပြုလုပ်နိုင်သလို၊ အွန်လိုင်းမှ ဈေးဝယ်နိုင်ခြင်း၊ ငွေထုတ်ယူသွားနိုင်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်လို့ ATM စက်သုံးစွဲသူများအနေနဲ့ အထူးသတိပြုကြရန် ထုတ်ပြန်ထားပြီး အမှုကိုဆက်လက် စုံစမ်းနေကြောင်း သတင်းရရှိသည်။







