BEC-TERO TV

သင့်ကလေး ကျို့ထိုးနေလျှင်

05 Jun 2017     2,808 Views


မွေးကင်းစကလေးတွေ နို့တိုက်အပြီးမှာ ကျို့ထိုးရင် မိဘတွေ စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။ ကလေးလေးတွေ ကျို့ထိုးတာကြောင့် နေလို့ထိုင်လို့ မအီမသာဖြစ်တာ မျက်နှာမဲ့တာတွေဟာ မိဘတွေအတွက် အင်မတန်မှ စိတ်ထိခိုက်စေကြပါတယ်။ ဒါ့အပြင် ကျို့ထိုးတာဟာ ကျန်းမာရေးအရ ဘယ်လိုဆိုးကျိုးတွေ ဆက်ဖြစ်လာမလဲရယ်လို့လည်း ပူပန်သောက ရောက်ကြရပါတယ်။ တချို့အရပ်ဒေသတွေမှာကျတော့ ကျို့ထိုးတာကို "ကြက်ဥခိုးတယ်" လို့လည်း ခေါ်တတ်ကြပြန်ပါသေးတယ်။
 
ဒီအချက်တွေကို ဖြေရှင်းပေးချင်လို့ ဒီစာလေးကို ရေးပေးလိုက်တာပါ။
 
ပထမဆုံးအနေနဲ့ ပြောပြချင်တာကတော့ အခုလို မွေးကင်းစကလေးတွေ ကျို့ထိုးတာဟာ ဖြစ်လေ့ဖြစ်ထ ရှိတတ်တယ်ဆိုတာပါပဲ။ အဓိက အချက်ကတော့ ကလေးကိုနို့တိုက်နည်း မမှန်လို့ ဖြစ်ရတာပါပဲ။ ဒါဟာ တခြားသော စိုးရိမ်စရာ ကျန်းမာရေးအခြေအနေတွေနဲ့ အများစုကတော့ ဆက်စပ်မှုလည်း မရှိတတ်ပါဘူး။
 
ကလေးကျို့မထိုးစေဖို့အတွက် အောက်ပါနည်းလမ်းလေးတွေကို လိုက်နာလုပ်ဆောင်လို့ရပါတယ်။ ဒီနည်းတွေကို ကလေးကို မိခင်နို့တိုက်ကျွေးသည်ဖြစ်စေ ၊ နို့ဘူးဖျော်တိုက်သည်ဖြစ်စေ ကောင်းစွာ အသုံးချနိုင်ပါတယ်။ တစ်ကမ္ဘာလုံးက ထင်ရှားတဲ့ ကလေးအထူးကုဆရာဝန်ကြီးများနဲ့ ကလေးပြုစုစောင့်ရှောက်သူများရဲ့ နည်းလမ်းများကို စုစည်းထားခြင်း ဖြစ်ပါတယ်။
 
  • ကလေးကိုနို့တိုက်တဲ့အခါ ကိုယ်ခန္ဓာကို အနည်းငယ် အပေါ်ထောင်၍ တိုက်ပေးပါ။
  •  ကလေးနို့တိုက်ပြီးလျှင်လည်း မိနစ် ၂၀ မျှ တည့်တည့်ထောင်ထား၍ လေထုတ်ပေးပါ။
  • နို့ကို ပမာဏနည်းနည်းဖြင့် မကြာခဏ တိုက်ကျွေးပေးပါ။
  • နို့ဆာမှတိုက်သည်ထက် အချိန်ဖြင့် စနစ်တကျတိုက်ကျွေးသည်ကို အကျင့်လုပ်ပေးထားပါ။
  • နို့ဆာမှတိုက်လျှင် ကလေးငိုနေခြင်း ၊ အငမ်းမရနို့ဟပ်ခြင်းများ စသည်တို့ကြောင့် လေဝင်၍ ကလေးအစာအိမ်တွင် လေခိုကာ ကျို့ထိုးခြင်း ဖြစ်စေနိုင်ပါသည်။
  • မိခင်နို့တိုက်တဲ့မိခင်ဟာ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ အစားများရင်လည်း ကလေးမှာ ကျို့ထိုးတတ်ပါသေးတယ်။
  • ကလေးကို နို့ဘူးတိုက်တာ ဆိုရင်တော့ နို့တိုက်ပြီး ၂ မိနစ် ၃ မိနစ် နေတဲ့အခါမှာ လေထုတ်ပေးဖို့ လိုကို လိုအပ်ပါတယ်။
  • ကလေးကျို့ထိုးနေလျှင် ကလေးကျောဘက်ကို လက်ဖြင့်အသာလေး ပုတ်ပေးပါ။
  • ကလေးကျို့ထိုးခြင်းကို သက်သာစေရန် ချိုလိမ်စုပ်ခိုင်း၍လည်း ရပါသေးသည်။ ချိုလိမ်သည် သေချာစွာရေနွေးဖြင့်ပြုတ်၍ ပိုးသတ်သန့်ရှင်းစင်ကြယ်စေရန် အထူးလိုအပ်ပါသည်။
  • ကလေးငယ်များ ကျို့ထိုးခြင်းသည် ၎င်းတို့အလိုအလျောက် ပြန်လည်ကောင်းမွန်တတ်သော အခြေအနေတစ်ခု ဖြစ်ပါသည်။
  • ကလေးကျို့ထိုးနေစဉ် မိခင်နို့ အနည်းငယ် ပြန်လည်တိုက်ကျွေးခြင်းဖြင့်လည်း သက်သာစေပါသည်။
  • ကလေးကျို့ထိုးခြင်းကို ပျောက်စေရန်အတွက် ကလေးငယ်ကို မရိုက်ရ။ အကြမ်းပတမ်း မလုပ်ရပါ။
  • ကလေးကျို့ထိုးနေလျှင် ရေတိုက်ခြင်း ၊ သနပ်ခါးခွံ့ခြင်း ၊ လက်ဖက်ခွံ့ခြင်း ၊ နနွင်းခွံ့ခြင်း အစရှိသော မှားယွင်းသည့် အပြုအမူများ မပြုလုပ်ရပါ။ ကလေး၏ အစာအိမ်နှင့်အူသည် အင်မတန်မှ နုနယ်သဖြင့် မိခင်နို့မှ အပဖြစ်သော ရေ ၊ သနပ်ခါး ၊ လက်ဖက် ၊ နနွင်စတို့သည် ကလေးကို ဘေးအန္တရာယ်ဖြစ်စေ၍ ဝမ်းလျှောကာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။
မိဘပြည်သူများ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။
 
Dr. ကျော်သက်စိုး
အထွေထွေရောဂါကုဆရာဝန်
 
Credit : ဒေါက်တာ ကျော်သက်စိုး ဖေ့စ်ဘွတ်

05 Jun 2017     2,808 Views




RELATED

Most Popular of Health Fix

Most Popular of Life Style