BEC-TERO TV

‘ကျွန်’ ရုပ်ရှင်ဇာတ်ကား ဒါရိုက်တာနှင့် ဝတ္ထုရေးသူတို့အား ပုဂံဒေသခံများက အရေးယူရန် ပြင်ဆင်

07 Jun 2017     1,511 Views


ရန်ကုန်မြို့လည် မြို့ပတ်ရု့များတွင် ပြသအောင်ပွဲခံလျှက်ရှိသော “ကျွန်” ရုပ်ရှင်ဇာတ်ကားကြီး၏ ဇာတ်လမ်းတွင် ပုဂံဒေသ၏ ခမ်းနားကြီးကျယ်မှုကို အသုံးချကာ တစ်ချိန်ကရှိခဲ့ဖူးသည့် ‘ဘုရားကျွန်’ ဟူသော အဓိပ္ပါယ်ကို သေချာမသိရှိပဲ သူတောင်းစား၊ နူနာရောဂါသည် အမျိုးယုတ် အသွင်သဏ္ဍန်မျိုး အသက်သွင်း ဖော်ပြခဲ့သဖြင့် ထိုဇာတ်ကားကို ဖန်တီးခဲ့သူ ဒါရိုက်တာနှင့် ဇာတ်လမ်းရေးသူတို့အား တရားဥပဒေအရ အရေးယူရန် ပုဂံဒေသခံများက ဇွန်လ ၇ ရက်(ယနေ့)တွင် ဆွေးနွေးပြင်ဆင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှ “တင့်လွင်ဦး” ၏ စာမျက်နှာပေါ်တွင်  ဇွန်လ (၅)ရက်နေ့က အောက်ပါအတိုင်း ရေးသားဖော်ပြထားခဲ့သည်။
 
ကျွန်ဇာတ်ကား နှင့် ပုဂံဒေသခံအနာဂါတ်အရေး
~~~~~~ ဆွေးနွေးကြမည် ~~~~~~~~
 
နေ့ရက်။ ။ ၇ ရက်၊ ဇွန်လ၊ ၂၀၁၇၊ (ဗုဒ္ဓဟူးနေ့)
အချိန် ။ ။ နေ့လည် ၃ နာရီ၊
နေရာ ။ ။ မင်္ဂလာသာစည်ဘုရားဓမ္မာရုံ၊ 
ရွှေစည်းခုံဘုရားအနောက်ဘက်၊ အမှတ် ၅ ၊
မင်္ဂလာသာစည်ရပ်ကွက်၊ ညောင်ဦးမြို့။
{ပုဂံညောင်ဦးဒေသခံများ/လူမှုအသင်းဖွဲ့များ အားလုံး ...တက်ရောက်ဆွေးနွေး နိုင်ကြပါရန်.}
 
အထင်ကရ ကြီးကျယ်မြင့်မြတ်သော မဟာပုဂံ၏ ခမ်းနား တင့်တယ် အားမာန်ကြီးမှု သရုပ်များကို ခုတုံးလုပ်၊ ယခုအခါ၌လုံးဝမရှိတော့ပါသော `ဘုရားကျွန်´ ဟူသော..မူလ အဓိပ္ပါယ်ကို ဂုဏ်သရေဖျက်၊ကြီးကျယ်မြင့်မြတ်လှသော ထီးဖြူဆောင်းဂုဏ်ရှိန်ကြီး ဘုရားကျွန်ကို သူတောင်းစား.., အနူ အရွဲ လူလိမ် အမျိုးယုတ်ကဲ့သို့ အဓိပ္ပါယ်ဖွင့်ရိုက်ကူး..,
 
ဒီဘက်ခေတ် ဒီဘက်အခါအထိ လူ့အခွင့်အရေးနှင့်လူ့ဂုဏ်သိက္ခာကို ချိုးဖောက် မိမိဇာတ်လမ်း၊ မိမိရုပ်ရှင်အတွက် ပုဂံဒေသနှင့် ဒေသခံလူထုကို စော်ကား ၊ အတ္တကြီးကြီးနဲ့ သမိုင်းဖျက် သမိုင်းလိမ် မျက်မှောက်ခေတ်ထိ ရှိနေသယောင်ယောင် လူသားချင်းမစာနာ လူမဆန်စွာ... ရိုက်ကူး ပုံဖော် ချပြ ခဲ့ကြသော `ဇာတ်လမ်း ကနုတ်မေ´ နှင့် ဒါရိုက်တာညွန့်မြန်မာညီညီအောင်တို့အား လိုအပ်သော.. တုံ့ပြန်မှု ကို တရားဥပဒေအတိုင်း ဆက်လက်အရေးယူမှု ပြုလုပ်နိုင်ရန်အတွက် အထက်ပါအစီအစဉ်အတိုင်း မပျက်မကွက်တက်ရောက်ကြပါရန် တင်ပြအပ်ပါသည်။
 
- သတင်း / မီဒီယာများလည်း လာရောက်ကူညီနိုင်ပါသည်။
ပုဂံ ဖောင်တိန် -
 
 
 
“ကျွန်” ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ကနုတ်မေ က ရေးသားပြီး ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ခဲ့သည်။ အဆိုပါ ဇာတ်ကားတွင် နေတိုး၊ မြင့်မြတ် နှင့် ဝတ်မှုံရွှေရည်တို့ ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပြီး မေလ ၂၆ ရက်နေ့က စတင်ကာ ရုံတင်ပြသလျှက်ရှိသော ဇာတ်ကားတစ်ကား ဖြစ်သည်။
 
 

07 Jun 2017     1,511 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS