BEC-TERO TV

မွေးစကလေး ဘီစီဂျီ ကာကွယ်ဆေးထိုးတာက အနာကြီးဖြစ်နိုင်ချေ လျော့ကျစေ

07 Jun 2017     1,474 Views


မွေးကင်းစကလေးငယ်တွေမှာကတည်းက ဘီစီဂျီ ရောဂါကာကွယ်ဆေးကို ထိုးထားခဲ့ရင် အသက်အရွယ်ကြီးလာတဲ့အခါ အနာကြီးရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။
 
ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက “ကလေးမွေးမွေးချင်း အဆုတ်ရောင်ကာကွယ်ဆေး ထိုးပေးရတယ်၊ ဆရာတို့ မြန်မာနိုင်ငံမှာတွေ့တဲ့ အတွေ့အကြုံအရ ဘီစီဂျီရောဂါ ကာကွယ်ဆေးထိုးထားရင် အသက်ကြီးလာတဲ့အခါမှာ အနာကြီးရောဂါဖြစ်နှုန်းကို လျော့သွားတယ်”လို့ ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ အနာကြီးရောဂါအဖြစ်များတဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ ဖြစ်တဲ့ အဓိက မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေဖြစ်ပါတယ်။
 
အနာကြီးရောဂါက အသက်အရွယ်မရွေးဖြစ်တတ်ပြီး ဖြစ်ရင်လည်း နာတာရှည်ရောဂါဖြစ်တာကြောင့် ဖြစ်လာပြီ ဆိုရင်လည်း နှစ်ရှည်လများကြာမှ လက္ခဏာပေါ်လာတတ်ပါတယ်။ မျိုးရိုးနဲ့ မဆိုင်ဘူးလို့ သိရပါတယ်။
 
အခုဆိုရင် များသောအားဖြင့် အသက် ၁၈ နှစ်အရွယ်တွေမှာ တွေ့ရလေ့ရှိပြီး လူနာအသစ်ထဲ မှာ ၁၀ နှစ်အောက်သားတွေ ပါလာတဲ့သဘောကလည်း အနာကြီးရောဂါကို ကလေးငယ်တွေ မွေးစကတည်းက ကူးစက်ခံနေရတာပဲ ဖြစ်ပါတယ်။ ကူးစက်ခံနေရတယ် ဆိုတာကို တချို့က မသိဘူး။ အ သက်ကြီးလာတဲ့ ၁၀ နှစ်ဝန်းကျင်မှသာ တွေ့ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
 
အနာကြီးရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ဒေါက်တာတင်ရွှေက “မြန်မာနိုင်ငံမှာ အနာကြီးရောဂါဖြစ်လို့ လက်ရှိမှာ ဆေးစားနေတဲ့ လူနာ ၂ရဝဝ ရှိပြီး တစ်နှစ်ကို လူနာအသစ်က ၃ဝဝဝ တွေ့ရှိနေဆဲပါ၊ အနာကြီးရောဂါဖြစ်ပွားတဲ့သူတွေကတော့ ဆေးမှန်မှန်စားနိုင်ရေးနဲ့ ဆေးနှစ်ရှည်လများစားရပြီး ပိုးသေသွားလို့ ပျောက်ကင်းသွားတယ်ဆိုပေမဲ့ သူတို့မှာ ဒဏ်ရာ ဒဏ်ချက်တွေကျန်ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းမှုတွေကို သီးခြားကုသရတဲ့အတွက် ဒါကလဲ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေတယ်” လို့ ပြောပါတယ်။
 
Credit : ကုမုဒြာ

07 Jun 2017     1,474 Views




RELATED

Most Popular of Health Fix

Most Popular of Life Style