BEC-TERO TV

" ကျွန် " ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး အငြင်းပွားဝေဖန်ပြောဆိုနေမှုများ

07 Jun 2017     1,375 Views


ယနေ့ " ကျွန် " ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး အငြင်းပွားဝေဖန်ပြောဆိုနေမှုများအပေါ်
ပုဂံသားစစ်စစ် ဖြစ်သူ ကျွန်တော်တို့သူငယ်ချင်း ကိုကျော်စွာမင်း လေ့လာတင်ပြလိုက်တဲ့
ဘုရားကျွန်၊ကျောင်းကျွန်၊ပိဋကတ်ကျွန်၊ ကျွန်တော် ၊ ကျွန်ုပ် နှင့်ကျေးတော်မျိုး
ကျွန်တော်မျိုး များအကြောင်း
==========================================================
တကယ့်ကျွန်အဓိပ္ပါယ်က "အမှုထမ်း" လို့ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ ရှေးမွန်စကားအရ (ကလောန်)
ကနေလာတာဖြစ်နိုင်သလို မြန်မာစကား (ကျဝန်) ကနေလာတာလည်းဖြစ်နိုင်ကြောင်းလေ့လာ
ခဲ့ရပါတယ်။ ဘုရားကျွန် ကို ဘုရားအမှုတော်ထမ်း၊ ကျောင်းကျွန်ကို ကျောင်းအမှုတော်ထမ်း၊
ပိဋကတ်ကျွန်ကို ပိဋကတ်အမှုတော်ထမ်း လို့အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်ပြီး ကျန်တဲ့ ပုဂ္ဂိုလ်တွေက
မင်းဧကရာဇ် အမှုတော်ထမ်းဖြစ်တဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေဖြစ်ပါတယ်။ ကျေးရွာ
တရွာလုံး အမှုထမ်းတယ်လို့ ပြောချင်တဲ့အခါ ကျေးကျွန် လို့သုံးခဲ့ပုံရပါတယ်။

မူရင်း ကျွန် အဓိပ္ပါယ် က အခုခေတ်မှာ မူရင်းအဓိပ္ပါယ်ကနေ ပြန်ပြင်လို့မရအောင် လွဲထွက်သွားခဲ့
ပါတယ်။ဒီနေ့ကျွန်ကိုအဓိပ္ပါယ်ဖွင့်ရင် အခိုင်းအစေ၊နိမ့်ပါးသူ slave လို့ အဓိပ္ပါယ်ဖြစ်သွားပြီး
ရောမခေတ် နဲ့အနောက်တိုင်း ပဒေသရာဇ်ခေတ်က အခိုင်းအစေတွေလို ကြိုးနဲ့တုတ်၊ရိုက်နှက်
မဝရေစာစားပြီး လှောင်ချိုင့်ထဲ ထည့်ထားခံရတဲ့ပုဂ္ဂိုလ်တွေနဲ့ရောထွေးပြီး ကျွန်စကားလုံးဟာ
သိက္ခာကျဖွယ်ဖြစ်ခဲ့ရပါတယ်။

အမှန်တကယ် ကတော့ မြန်မာနိုင်ငံမှာ အနောက်တိုင်းကျွန်တွေလို လူအဆင့်အတန်းခွဲခြားခံရတဲ့ လူစု
မရှိခဲ့ပါဘူး။ နယ်ချဲ့ အင်္ဂလိပ်ခေတ်မှာ မိမိတို့ ပဒေသရာဇ် ကို အရိုအသေပေးခဲ့တဲ့ ထုံးတမ်းစဉ်လာ
အတိုင်း လက်အုပ်ချီခြင်း၊ နိမ့်ရာ၌ထိုင်ခြင်း တို့ကို အုပ်ချုပ်သူ အင်္ဂလိပ်တွေအပေါ်ကို ပြုမူခဲ့တဲ့အခါ မျိုးချစ်စိတ်ဓါတ်ပြင်းထန်သူတွေက ဒီလိုပုဂ္ဂိုလ်တွေကို ကျွန်စိတ်ဝင်နေကြတယ် (အင်္ဂလိပ်ကို အမှုထမ်း
ချင်စိတ်ဝင်နေတယ်) လို့ ပြောဆိုရာက နေ မျိုးချစ်စိတ်အရ ရှက်ရွံဖွယ်စကားအဖြစ်လျောဆင်းသွားပြီး
အနောက်တိုင်းကျွန် စနစ်တွေနဲ့ အဓိပ္ပါယ်ရောနှောကာ ဝေါဟာရ သေးသိမ်ခဲ့ရပါတယ်။

မြန်မာ့ ပဒေသရာဇ် ခေတ်မှာ မင်းမျိုးမင်းနွယ်မှ လွဲ၍ ကျန်ပုဂ္ဂိုလ်များမှာ အမှုထမ်းသူ များအဖြစ်
သတ်မှတ်ခံရတဲ့အတွက် ကျွန်တော် ( အမှုထမ်းတော်သူ?)၊ ကျွနုပ် ( အမှုအသေးအမွှားထမ်းသူ?) လို့
မိမိ ကိုယ်ကို နှိမ်ချပြောဆိုတတ်တာမြန်မာတို့ရဲ့ချစ်စရာဓလေ့ပါ။

ကျွန်တော်တို့လိုသိမ်မွှေ့တဲ့နိုင်ငံမှာ အနောက်တိုင်းလို ကျွန် စနစ် မထွန်းကားခဲ့ပါဘူး။ ရှေးကအပြစ်ပေး
ရင်တောင် နာမှာစိုးလို့ ဝါးညွှန့်နဲ့ ပဲ ရိုက်အပြစ်ပေးလေ့ရှိတယ်လို့ကြားဖူးပါတယ်။ ကျွန်တော်တို့ဟာ
မိမိကိုယ်ကို ကျွန်တော် လို့နှိမ်ချပြီး ၊ အခြားလူ ကို "မင်း" လို့ မြှင့်တင်ပြောဆိုတတ်တဲ့လူမျိုးဖြစ်ပါတယ်။

ကျွန်တကာ့ကျွန်ထဲမှာ မင်းမိန့်၊ မင်းအခိုင်းအစေ ကလွတ်တဲ့ကျွန်တွေက ဘုရားကျွန် (ဘုရားအမှုထမ်း၊
အခုခေတ်ဆိုဂေါပက) ၊ ကျောင်းကျွန် ( သိမ်နဲ့ ကျောင်း အမှုထမ်းသူ၊ အခုခေတ်ဆို ကပ္ပိယ) နဲ့
ပိဋကတ်ကျွန် ( စာတော်ဖတ်များ၊ ပိဋကတ် ဖတ်နိုင်တဲ့စာတတ် လူပုဂ္ဂိုလ်များ၊ စာသင်ပေးတဲ့
အမှုထမ်း နောင်ကျောင်းဆရာများ ဖြစ်လာမဲ့အမှုထမ်း) များဖြစ်တယ်လို့သိရပါတယ်။ ဘုရားကျွန် ကို
မြတ်ရကျွန် ( မြတ်သောအမှုထမ်းသူ)၊ ကျောင်းကျွန် ကို အမှုရကျွန်၊ ပိဋကတ်ကျွန် ကို စာတတ် လို့
ခေါ်ကြောင်းလေ့လာရပါတယ်။

သူတို့ကို ကျွန်သီးတော် မင်းအောက်မှာ မဟုတ်ပဲ အသီးအခြား ထားရတဲ့အမှုထမ်းများ လို့လည်း
မင်းတို့က ခေါ်ပါတယ်။ သာမာန် ကျွန် (အမှုထမ်း) ကို ဝယ်ယူလို့ရသလို၊ ဘုရား၊ကျောင်း၊ပိဋကတ်
အတွက် လှုဒါန်းလို့လည်းရကြောင်းသမိုင်းမှာတွေ့ရပါတယ်။ နှနှိမ်ချတဲ့သဏ္ဍန် မတွေ့ရပဲ ကြည်ကြည်
ဖြူဖြူပြုလုပ်ကြဟန်ရှိပါတယ်။ အမတ်တွေကို ဘုရင်က လှုတဲ့ မှတ်တမ်းများရှိသလို မိမိကိုယ်ကို လှုတဲ့ဇာတ်လမ်းတွေလည်းရှိခဲ့ပါတယ်။

ဘုရားကျွန် က တဦး နဲ့ ကျောင်းကျွန်က တဦး လက်ထပ်လျင် မြင့်တဲ့ကျွန်ဖြစ်တဲ့ ဘုရားကျွန်အမျိုး
ဘက်လိုက်ရတယ်လို့ဆိုပါတယ်။

စစ်ဖြစ်လို့အမှုထမ်းဆင့်ခေါ်ရင် မင်းကျွန်မဟုတ်တဲ့ ဘုရားကျွန်၊ကျောင်းကျွန်၊ပိဋကတ်ကျွန်တွေ က
လိုက်စရာမလိုတဲ့အတွက် စစ်မှုထမ်းအင်အားလျော့မှာစိုးရိမ်လို့ ၁၆၃၉ သာလွန်မင်းလက်ထက် မှာ ဘုရားကျွန်၊ကျောင်းကျွန်၊ပိဋကတ်ကျွန်တွေ နဲ့ လက်မထပ်ရလို့ ပြန်တမ်းထုတ် ခဲ့ပါတယ်။ လောကီ
ရေးရာ မလျော့စေဖို့ရည်ရွယ်ဟန်တူပါတယ်။

ယနေ့အထိ ဗုဒ္ဓဘာသာ၊ သာသနာ နဲ့ စာပေ မပျောက်အောင်ထိမ်းသိမ်းပေးခဲ့တဲ့ ဘုရားအမှုထမ်း၊
ဘုရားကျွန် ကျောင်းအမှုထမ်း ကျောင်းကျွန်၊ ပိဋကတ်အမှုထမ်းများ ပိဋကတ်ကျွန် တို့ ရဲ့ သမိုင်း
ကျေးဇူး မြန်မာပြည်အတွက် ကြီးကျယ်လှပါကြောင်း...

အကိုးအကား၊
မျိုးညွန့် ( ရှေးဟောင်းသုတေသန)
ပုဂံကျောက်စာလက်ရွေးစဉ်၊
နန်းဓလေ့မှတ်တမ်းများ
ရှေးဟောင်းခေတ်မြန်မာနိုင်ငံ
မဟာရာဇဝင်သစ်

ရေးသားတင်ပြသူ-Kyaw Swa Min

 


07 Jun 2017     1,375 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS