BEC-TERO TV

မြွေအန္တရာယ်နဲ့ပတ်သတ်ပြီး သိထားသင့်သမျှ

07 Jun 2017     1,810 Views


မြွေဆိုးအန္တရာယ်ဟာ မြန်မာနိုင်ငံ မြို့ရွာတွေမှာ နှစ်စဉ် မေလနှင့် ဇွန်လမှာ အဖြစ်များပြီး တောရွာတွေမှာတော့ စိုက်ပျိုးရိတ်သိမ်းပြီးချိန် အောက်တိုဘာနှင့် ဒီဇင်ဘာလတွေမှာ ပိုမိုအဖြစ်များပါတယ်။
 
မြွေဆိုးကိုက်ခံရသူတွေဟာ အထူးသဖြင့် လယ်သမား ၊ စိုက်ပျိုးရေးလုပ်သားများ ၊ ငါးလုပ်သားများနဲ့ မြွေကို အမှီပြုပြီး စီးပွားရှာနေကြသူတွေဖြစ်ပါတယ်။
 
မြွှေကိုက်ခံရသူများအနက် ၉၀ ရာခိုင်နှုန်းဟာ မြွေပွေး ကိုက်ခံရသူတွေဖြစ်ပါတယ်။ မြွေတွေဟာ လူတွေကို အဓိက ပစ်မှတ်ထားကိုက်တာ မဟုတ်ဘဲ အမှတ်မထင် ကိုက်မိခြင်းသာ ဖြစ်ပါတယ်။ မြွေကိုက်ခံရချိန်ဟာ များသောအားဖြင့် ညအခါ အမှောင်ထဲ ဖိနပ်မပါဘဲသွားစဉ် အကိုက်ခံရခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ညအခါမှာ မြွေတွေဟာ အစာရှာထွက်ရာကနေ အမှတ်မထင် လူကိုကိုက်မိတာ ဖြစ်ပါတယ်။
 
တခါတရံမှာ မြွေမဟာ လူနေအိမ်တွင်းဝင်လာပြီး ပိုးကောင်ငယ်များ ၊ ဖား ၊ ကြွက်များကို ရှာဖွေစားသောက်ရာမှ လူအားကိုက်မိတတ်ပါတယ်။ ဒါ့အပြင် ချောင်းရေနဲ့အတူ စီးလာတဲ့ ထင်းတုံး ၊ထင်းစများနဲ့အတူ မြွေမများ ရောပါလာခြင်း ၊ ကလေးငယ်များက တွင်းထဲ ၊ လှိုဏ်ခေါင်းငယ်ထဲ စူးစမ်းပြီး လက်နှိုက်ခြင်း ၊ ရေကြီးရာမှ ရေနဲ့အတူမြွေပါရောပါလာခြင်း စတဲ့အနေအထားတွေကနေလဲ မြွေကိုက်ခံရသူတွေ ရှိပါတယ်။
 
အဆိပ်ရှိတဲ့မြွေနဲ့ အဆိပ်မရှိတဲ့မြွေ
 
ယေဘုယျအားဖြင့် အဆိပ်ရှိတဲ့ မြွှေနဲ့ အဆိပ်မရှိတဲ့ မြွှေတို့ကို ခွဲခြားနိုင်ပါတယ်။ မြွေဟောက်ကလွဲလို့ ကျန်တဲ့ အဆိပ်ရှိတဲ့မြွေတွေဟာ သုံးမြှောင့်ပုံ ၊ တြိဂံပုံ ဦးခေါင်းရှိပြီး လူကိုကိုက်တဲ့အခါ အကိုက်ခံရတဲ့နေရာမှာ အစွယ်ရာများ ကျန်ခဲ့ပါတယ်။
 
အဆိပ်မရှိတဲ့မြွေတွေဟာ လုံးဝန်းတဲ့ ဦးခေါင်းရှိကြပြီး အစွယ်လဲမရှိတတ်ပါ။ အကိုက်ခံရတဲ့နေရာမှာလဲ သေးငယ်တဲ့ သွားတန်းရာကို တွေ့ရနိုင်ပါတယ်
 
မြွေအကိုက်ခံရပါက ကြုံရတဲ့လက္ခဏာများ
 
မြွေပွေးအကိုက်ခံရပါက လူနာက အန်ခြင်း ၊ ဝမ်းလျှောခြင်း ၊ အကိုက်ခံရသော နေရာတဝိုက်မှာ နာကျင်ခြင်း ၊ သွားဖုံးသွေးယိုခြင်း ၊ တံတွေးတွင်သွေးပါခြင်း ၊ သွေခြေဥခြင်း ၊ ဗိုက်အောင့်ခြင်း ၊ သတိလွတ်ခြင်း နဲ့ နောက်ဆုံးမှာ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်တတ်ပါတယ်။
 
မြွေဟောက်အကိုက်ခံရပါက မြွေဆိပ်ကြောင့် မျက်စိများ ဝေ၀ါးလာခြင်း ၊ စကားပြောရခက်ခဲလာခြင်း ၊ အစာမမျိုနိုင်တော့ခြင်း ၊ အကြောဆွဲလာခြင်း ၊ ပျော့ခွေလာခြင်းနဲ့ အသက်ရှူရခက်ခဲလာခြင်းတို့ ဖြစ်တတ်ပါတယ်။
 
မြွေကိုက်ခံရပြီဆိုပါက
 
ဘယ်မြွှေအမျိုးအစားဖြစ်တယ်ဆိုတာကို သိအောင်လုပ်ပါ။ မြွှေတိုင်းအဆိပ်မရှိပါ။ အဆိပ်ရှိသော မြွှေတိုင်းလည်း ပေါက်လိုက်တဲ့အခါ အဆိပ်ကို အလုံအလောက်မထုတ်ပါ။ တကယ်လို့ အဆိပ်ကို အလုံအလောက် ထိုးထည့်သော်ငြား သေလောက်တဲ့ ပမာဏကို အမြဲမဖြစ်စေပါ။ လူအများစုဟာ မြွေကိုက်ခံရတာနဲ့ အလွန်အမင်း ကြောက်လန့်သွားပြီး စိတ်ပူပန်ခြင်းကြောင့် သွေးခုန်နှုန်းမြန်လာခြင်း ၊ ရင်တုန်ခြင်း ၊ ချွေးထွက်ခြင်း ၊ အသက်ရှူမြန်ခြင်းတို့ ဖြစ်လာပြီး လူနာကို အခြေအနေပိုမို ဆိုးသွားစေနိုင်ပါတယ်။
 
ဒါကြောင့် မြွှေကိုက်ခံရတဲ့ လူနာကို မကြောက်လန့်စေဖို့ အားပေးစကားပြောကြားရပါမယ်။ မည်သို့ပင်ဆိုစေကာမူ မြွေကိုက်ခံရပြီဆိုပါက ကိုက်ရာသေးသေး ကြီးကြီး သေးသေး ဂရုမစိုက်ဘဲ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသရပါမယ်။
မြွေကိုက်ခံရသူကို အလျင်အမြန်လုပ်ဆောင်ပေးရမယ့် အချက်
 
မြွေကိုက်ခံရပါက အကိုက်ခံရသောနေရာကို ဆပ်ပြာနှင့်ရေဖြင့် သေချာ ဆေးကြောပါ။ အကိုက်ခံရသောနေရာကို လှုပ်ရှားမှုမရှိအောင် ပြုလုပ်ပြီး လူနာကို လမ်းမလျှောက်စေဘဲ နီးစပ်ရာဆေးရုံ ၊ ဆေးခန်းကို အမြန်သွားရောက်ဖို့ လိုပါတယ်။
 
အကိုက်ခံရတဲ့နေရာကို ရေခဲ ဒါမှမဟုတ် တခြားအေးစေတဲ့ ဘယ်အရာမှ မတင်ပါနဲ့ ။ အနာကို ဓားနဲ့ခွဲခြင်း ၊ မြွေဆိပ်များကို စုပ်ထုတ်ခြင်း မလုပ်ရပါ။ ကြပ်စည်းခြင်း မလုပ်ရပါ။ တင်းကြပ်စွာ ကြပ်စည်းခြင်းဟာ သွေးကြောကို လုံးဝပိတ်သွားစေပြီး အကို်ကခံရတဲ့နေရာကို သွေးမရောက်တော့တဲ့အတွက် ခြေလက်တို့ကို ဆုံးရှုံးစေနိုင်ပါတယ်။
 
မြွေဆိပ်ဖြေဆေး
 
မြွေဆိပ်ဖြေဆေးဟာ အကိုက်ခံရပြီး လေးနာရီအတွင်းထိုးလျှင် အထိရောက်ဆုံးဖြစ်ပြီး တကယ်လို့ ၁၂ နာရီကျော်သွားပါက ဆေးအာနိသင်လျော့ပါးလာနိုင်ပါတယ်။
 
မြွေကိုက်ခံရခြင်းမှ ကာကွယ်ရန်
 
မြွေဆိုးများပေါများချိန်ဖြစ်သော မိုးရွာပြီးချိန် ၊ ရေကြီးချိန် ၊ စိုက်ပျိုးရိတ်သိမ်းချိန်နှင့် ညအခါ သတိဖြင့်သွားလာခြင်း ၊ ညဘက်လမ်းလျှောက်တဲ့အခါ ဖိနပ်ရှည်ရှည်ဝတ်ခြင်း ၊ အလင်းရောင် ကောင်းကောင်းရတဲ့ ဓာတ်မီး မီးအိမ်များဖြင့် သွားလာခြင်း ပြုလုပ်ပါ။
 
အိမ်အနီးအနားတဝိုက်မှာ မြွှေများကြိုက်တတ်တဲ့ တိရစ္ဆာန်ငယ်များမွေးမြူခြင်း ၊ မြေကြီးပေါ်အိပ်စက်ခြင်း ၊ မြွေအားလက်ဖြင့် ကိုင်တွယ်ခြင်းရှောင်ကြဉ်ပါ။ အိမ်အနီးအနားမှာ မြွေခိုအောင်းနိုင်တဲ့ နေရာရှိ ၊ မရှိ မကြာခဏ စစ်ဆေးပါ။ မြေအက်ကွဲကြောင်း ၊ အုတ် ပက်ကြားအားများနဲ့ ထင်းပုံများကြားတွင် မြွေများ ခိုအောင်းလေ့ရှိပါတယ်။
 
မြွေများမခိုအောင်းနိုင်စေရန် အိမ်အနီးအနားမှ အမှိုက်သရိုက်များကို ရှင်းလင်းပါ။ တစ်ခါတရံ သေဟန်ဆောင်ထားသောမြွေအား သေညပီအထင်ဖြင့် လက်ဖြင့်ကိုက်မိရာမှ မြွှေကိုက်ခံရခြင်းများရှိတာကြောင့် မြွေအန္တရာယ်ကို သတိပြုရှောင်ရှားနိုင်ကြပါစေ။
 
Ref : မနောနန္ဒာထွန်း ၊ မြဝတီ

07 Jun 2017     1,810 Views




RELATED

Most Popular of Health Fix

Most Popular of Life Style