မြန်မာနိုင်ငံတွင် တွေ့ရခဲသော မျိုးသုန်းလုနီးမျိုးစိတ်ဖြစ်သည့် လင်စိုင်ပြောက် ဖမ်းမိ
08 Jun 2017 1,628 Views

ဟုမ္မလင်း ခန္တီးဒေသတွေမှာ ရှားပါးမျိုးစိတ်တွေ ရှိနေပါသေးတယ် တချို့မျိုးစိတ်တွေဆိုရင် မျိုးသုန်းပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံအတွင်းမှာလည်း အကောင်ရေမရှိတော့သလောက်ဖြစ်နေပါပြီ အဲဒီလိုမျိုးစိတ်တွေကို ဒီဒေသမှာတွေ့ရတာက ဒီဒေသတွေအတွက်အလွန်ဂုဏ်ယူ စရာကောင်းတဲ့အခြေအနေဖြစ်လို့ ဒီဒေသက သစ်တောတွေနဲ့ တိရစ္ဆာန်လေးတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်စေချင်ပါတယ်။
မြန်မာနိုင်ငံတွင် တွေ့ရခဲသော မျိုးသုန်းလုနီးမျိုးစိတ်ဖြစ်သည့် လင်စိုင်ပြောက် ကို ဟုမ္မလင်းမြို့နယ်တွင် ဖမ်းဆီးရမိ
မြန်မာနိုင်ငံတွင် ကျားထက်ပိုမိုတွေ့ရခဲသော မျိုးသုန်းလုနီးမျိုးစိတ်ဖြစ်သည့် လင်စိုင်ပြောက် ကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ပင်ခုပ်ကျေးရွာတွင် မေ ၆ ရက်နေ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ပင်ခုပ်ရွာမြီးဈေးတန်းက ဦးနိုင်ရဲ့အိမ်မှာဖမ်းမိတာပါ။ ဦးနိုင်ရဲ့အိမ်နောက်က ဂိုထောင်ရဲ့အဖီအမိုးနားလေးမှာ နေတာတွေ့တော့ ကြိုးကွင်းနဲ့ပစ်ပြီးဖမ်းကြတာ။ ခေါင်းကနေအမြီးအထိ ၂ တောင်ကျော်ရှည်ပြီး အမြီးက သူ့ရဲ့ခန္ဓာကိုယ်ထက် ပိုရှည်နေတာ တွေ့ရပါတယ်။ ကြိုးကွင်းနဲ့ဖမ်းတာဆိုတော့ ဒဏ်ရာတွေတော့မရပါဘူး။ လူများရင်တော့ ထိတ်လန့်နေပုံရတယ်။ ဖမ်းမိပြီးနောက်ပိုင်း အစာကျွေးကြည့်တော့ အသီးအနှံမစားဘူး။ ကြက်သားပဲစားတယ်။ ဟိုးအရင်ကတော့ ဒီဘက်တွေမှာ တောကြောင်လိုအကောင်တွေရဖူး ပေမယ့် ဒီလိုအကောင်ကတော့ တခါမှမဖမ်းမိဖူးဘူး။ ရွာထဲက သက်ကြီးရွယ်အိုတွေလည်း အခုလိုအကောင်မျိုး တခါမှမမြင်ဖူးဘူးလို့ပြောကြတယ်" ဟု ဒေသခံ ဒေါ်နန်းမျိုးမျိုးသန့်မှ ပြောသည်။
အဆိုပါ ရှားပါးမျိုးစိတ်ဖြစ်သော လင်စိုင်ပြောက်များကို ဘူတန်၊ ကမ္ဘောဒီယား၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မြန်မာ၊ နီပေါ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။ အဆိုပါ လင်စိုင်ပြောက်များသည် ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အကောင်ရေကျဆင်းနေပြီး မျိုးသုန်းပျောက်ကွယ်လုနီးပါးအခြေအနေတွင် အဆင့် ၁ သတ်မှတ်ထားကြောင်း သိရသည်။
လင်စိုင်ပြောက်များသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းများတွင် နေထိုင်ကျက်စားလေ့ရှိသော်လည်း ကင်မရာမှတ်တမ်းများအရမူ ကျားထက်ပိုမိုတွေ့ရခဲသော ရှားပါးမျိုးစိတ် ဖြစ်ကြောင်း WCS စစ်ကိုင်းတိုင်းတာဝန်ခံ ဦးလှနိုင်၏ ပြောကြားချက်အရသိရသည်။
" ကင်မရာမှတ်တမ်းတွေအရဆိုရင် လင်စိုင်ပြောက်တွေဟာ မြန်မာနိုင်ငံမှာ ကျားထက်ပိုမိုတွေ့ရခဲတဲ့ ရှာပါးမျိုးစိတ်တွေပါ။ အလွန်တွေ့ရခဲတဲ့အတွက် အကောင်ရေဘယ်လောက်ရှိမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ အခုနောက်ပိုင်းမှာ လင်စိုင်ပြောက်တွေ နေထိုင်တဲ့ သဘာဝတောတွေပျက်စီးလာတာရယ်၊ အလွန်အကျွံအမဲလိုက်တာတွေရယ်ကြောင့် တဖြည်းဖြည်းရှားပါးလာပြီး မျိုးသုန်းပျောက်ကွယ်တော့မယ့် အခြေအနေကိုရောက်ရှိနေပါပြီ" ဟု ဦးလှနိုင်မှ ပြောကြားသည်။
လင်စိုင်ပြောက်ဖမ်းဆီးရမိရာ ဟုမ္မလင်းမြို့နယ် ပင်ခုပ်ကျေးရွာအနီးရှိ ပင်းဖာဖာကျေးရွာတွင်လည်း မျိုးသုန်းပျောက်ကွယ်လုနီးကျားမျိုးစိတ်ဝင် အင်းကျားသားပေါက်တစ်ကောင်ကို ဖေဖော်ဝါရီလက ဖမ်းဆီးရမိခဲ့ပြီး မန္တလေးရတနာပုံ တိရိစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယခုဖမ်းဆီးရမိသော ရှားပါးမျိုးစိတ်ဖြစ်သည့် လင်စိုင်ပြောက်ကို ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနရုံးတွင် ခေတ္တပို့ဆောင်ထားကြောင်း သိရသည်။
Credit - မဖေငြိမ်း