BEC-TERO TV

Y-8 လေယာဉ်ပေါ်ပါသွားသူအချို့ရဲ့ ဘဝတွေကို ဆရာဝန်ကြီးတစ်ဦးမှ ကြေကွဲမှုအပြည့်နဲ့ ဖွင့်ဟပြောကြား

08 Jun 2017     1,282 Views


ဇွန်လ(၇)ရက်နေ့က ပျက်ကျသွားခဲ့သော တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 ပေါ်တွင် လိုက်ပါသွားခဲ့သော သူများထဲတွင် ကျန်းမာရေးကိစ္စများနှင့် ပက်သက်ပြီး ရန်ကုန်မြို့သို့ လိုက်ပါခဲ့ကြသည့် စစ်သည်တော် မိသားစုဝင်များလည်း ပါဝင်ခဲ့ကြသည်။
 
လေယာဉ်မတော်တဆ ပျက်ကျခဲ့ရမှုတွင် ပါဝင်ခဲ့သော လူနာများအား အနီးကပ် စောင့်ရှောက်ကုသပေးခဲ့ရသူ သားဖွားမီးယပ်ပါရဂူ ဆရာဝန်ကြီးတစ်ဦးမှ သူ၏လူနာများ အဖြစ်ဆိုးနှင့် ကြုံဆုံခဲ့ရမှုကို ကြေကွဲဝမ်းနည်းကာ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် လူနာများ၏ လေယာဉ်ဖြင့် ခရီးသွားရန် ဖန်လာခဲ့သည့် အကြောင်းကို ဝမ်းနည်းကြေကွဲစွာဖြင့် ရေးသားဖော်ပြခဲ့သည်။
 
*************************************
 
ကျနော့ရဲ့လူနာကိုယ်ဝန်ဆောင်တစ်ယောက် AN care မှာ USG ရိုက်လိုက်တော့ Cystic mass arising from the fetal head and neck လို့တွေ့တယ်  ဒီဆေးရုံမှာ ကျနော် သူ့အတွက်ပိုကောင်းလာအောင် ဘာများလုပ်ပေးနိုင်မလဲလို့စဉ်းစားကြည့်တော့ ဘာမှမလုပ်ပေးနိုင်ဘူး။
 
ဒါနဲ့ လူနာကို အကျိုးအကြောင်းရှင်းပြတယ် ရန်ကုန်မှာတော့ ဆရာတို့ဆေးရုံထက် ပိုကောင်းတဲ့ကုသမှုရနိုင်တယ်၊ သမီး ကိုရန်ကုန်လွှဲပေးမယ်ပြောတော့ သူ မသွားချင်ရှာဘူး
ယောက်ျားကလည်းရှေ့တန်းမှာ သူတယောက်ထဲ ဖြစ်ပါ့မလားတဲ့။
လောလောဆယ်တော့ ဘာရောဂါလဲဆိုတာပဲအရင်ရှာဖွေရမှာ မွေးတာမဟုတ်သေးတဲ့အတွက် လူနာစောင့်မပါလည်းကိစ္စမရှိဘူး၊ နောက်မှယောက်ျားကို ခွင့်ယူပီးလိုက်ဖို့ခေါ်လိုက်လို့ ပြောတော့ သူ့ဘာသာသွားဖို့ စာရိတ်စကလည်းမတတ်နိုင်တော့ စစ်လေယာဉ်နဲ့ပဲတင်ပေးလိုက်ရတယ်။
 
ကျနော်စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။ တကယ်ကို ခံစားရပါတယ်။
ငါဘာလို့သူ့ကိုလွှဲမိတာလဲလို့ နောင်တ ရ ရပါတယ်။ 
သူမသွားချင်ရှာဘူး၊ သူ့ကလေးအတွက်ပိုကောင်းလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တခုကြောင့်သာ သူအရဲစွန့်ပီးလိုက်သွားရရှာတာပါ။
နောက်ထပ်ကလေးယူရင်ကော ရနိုင်ပါဦးမလားတဲ့။ 
ရနိုင်ပါတယ် ဒါမျိုးနောက်တကြိမ်ဖြစ်ချင်မှဖြစ်မှာပါလို့ပြောလိုက်တယ်။ သူဘယ်လိုလုပ်ပီး ကလေးထပ်ရပါတော့မလဲဗျာ။
 
နောက်တယောက်က…
အရင်တပတ်ကလာပြတယ် ကလေးတယောက်ရဖို့ နေပြည်တော်ထိတက်ပီး laparoscope လုပ်ပီး ကလေးရအောင်ကြိုးစားထားရတယ်။ ခုလာပြတော့ကိုယ်ဝန်က မွေးခါနီးနေပီ။
သူက အမေနဲ့နီးတဲ့နေရာမှာပြန်မွေးချင်တယ်တဲ့၊ ကျနော်က ဒီမှာမွေးလည်းရတာ ဘာဖြစ်လို့ပြန်နေမှာလဲ ဆိုတော့ ဒီမှာ သူ့ကို မွေးပီးရင်စောင့်ရှောက်မဲ့သူမရှိလို့တဲ့
ယောက်ျားရှိတာပဲလေ သူစောင့်ရှောက်မှာပေါ့လို့ ဆိုတော့ မဖြစ်ဘူးတဲ့ သူကမွေးမြူရေးတာဝန်ခံဆိုတော့ မိန်းမကို အချိန်သိပ်မပေးနိုင်လို့ အမေဆီပဲပြန်မွေးမယ်ဆိုပီး အရင်တပတ်ကပဲပြန်သွားတယ်။
 
မနက်ဖန်သောကြာနေ့ သူ့ကို ခွဲမွေးဖို့ OT list မှာထည့်ထားတယ် တဲ့ (ရန်ကုန်သမကမှာ)
သူ့ယောက်ျားက ဒီနေ့ စစ်လေယာဉ်နဲ့ သူ့မိန်းမ မီးဖွားတဲ့ဆီကို အသွား လမ်းခုလတ်မှာ ကံဆိုးမိုးမှောင်ကျခဲ့ရှာတယ်။ မနက်ဖန် မီးဖွားမည့်ကျနော့ လူနာနံဘေး အားပေးမဲ့သူယောက်ျားမရှိရင် သူဘယ်လိုခံစားရရှာမလဲ…?
 
နောက်တယောက်ကတော့ ကျနော့လူနာရဲ့အမေ…။ 
 
သမီးဖြစ်သူက Myoma နဲ့ endometriotic cyst ဖြစ်နေလို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျနော်ကဒီဆေးရုံမှာခွဲပေးထားခဲ့တယ်။
သမီးဆေးရုံတက်တော့ အမေဖြစ်သူက ရန်ကုန်ကနေ ဘုတ်ပြင်းလာခဲ့တယ် သမီးကိုခွဲစိတ်ပေးတဲ့သူတွေစားဖို့ ရန်ကုန်ကနေမုန့်တွေဝယ်ခဲ့ပေးတယ်
မပြန်ခင်က မြို့ထဲမှာတွေ့တော့ ထပ်ပီးနှုတ်ဆက်ဖြစ်သေးတယ်။
 
ခုတော့သမီးလည်းဆေးရုံကဆင်းလို့ သူလည်းစိတ်ချလက်ချဖြစ်ပီး စစ်လေယာဉ်နဲ့အိမ်အပြန်
တကယ်ပဲစိတ်ချလို့ သမီးဖြစ်သူကိုထားခဲ့တာလာအန်တီ..?
 
အားလုံးအတွက်စိတ်မကောင်းဖြစ်ရပေမဲ့ ကိုယ်နဲ့ ပတ်သက် နေတဲ့လူတွေပါတော့ တကယ်ကို ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြေကွဲရပါတယ်။ သွားလေသူအပေါင်း ဘဝဆက်တိုင်း ဒီလို အဖြစ်ဆိုးမှလွဲကြပါစေ..။ ကောင်းရာသုကတိသို့ရောက်ကြပါစေ..။
 
မည်သူ တစ်ဦးတစ်ယောက်မှ ဒီလိုအဖြစ်ဆိုးထပ်ပီး မကြုံကြပါစေနဲ့…။
 
(အကိုသိန်းဇော်​ဦးwallမှကူးယူ​ဖော်​ပြပါသည်​)
 
Source:Edkza
 

08 Jun 2017     1,282 Views




RELATED

Most Popular of Special or Others

Most Popular of NEWS