BEC-TERO TV

ဝေဖန်မှုတွေမြင့်တက်နေတဲ့ “ကျွန်” ဇာတ်ကားနဲ့ပတ်သက်ပြီး ဒါရိုက်တာဖြေရှင်း

09 Jun 2017     1,296 Views


လက်ရှိမှာဝေဖန်ခံနေရတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က “ဘုရားကျွန်ဆိုတာကို မြင့်မြတ်တဲ့မျိုးရိုးတစ်ခုအနေနဲ့ချပြ တာ၊ပုဂံမှာရှိနေတဲ့ ဘုရားကျွန်တွေကို နှိမ်လိုက်တာမဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိတွင်ရုံတင်ပြသနေဆဲဖြစ်ပြီးတစ်ဘက်တွင်အပြည့်အ၀ အားပေးမှုရရှိထားသလို တစ်ဘက်တွင်လည်း ဝေဖန်ခံနေရတဲ့မြန်မာ့ရုပ်ရှင် ဇာတ်ကားပါ။နေတိုး၊မြင့်မြတ်၊ ၀တ်မှုံရွှေရည်၊စိုးမြတ်သူဇာ၊ရဲအောင်အပါအ၀င် အနုပညာသရုပ်ဆောင်တွေနဲ့ပုဂံဒေသကို အခြေပြုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

 

“အားပေးတဲ့သူတွေလည်းများတယ်၊အဲ့ဒီလိုပဲဝေဖန်နေကြတဲ့သူတွေလည်းအရမ်းကိုများနေတာကိုတော့သိပါတယ်။အခုလို ဝေဖန်ပြောနေကြသလိုမျိုးအဓိပ္ပယ်နဲ့ဒီဇာတ်ကားကိုရိုပ်ကူးခဲ့တာမဟုတ်ပါဘူး။ကျွန်တော်ပြောချင်တဲ့ “ကျွန်”ရဲ့အဓိပ္ပယ်က လောဘနောက်လိုက်ရင် လောဘကျွန်၊ဒေါသနောက်လိုက်ရင် ဒေါသကျွန် မောဟနောက်လိုက်ရင် မောဟ ကျွန်ပဲ။အဲ့ဒီလို လောဘ၊ဒေါသ၊မောဟရဲ့ကျွန်တွေထဲမှာ ဘုရားဝေယျာဝစ္စလုပ်ပြီးတော့ ဘုရားကျွန်လုပ်တဲ့ ဘုရားကျွန်က မြတ်တယ်ဆိုတာမျိုးကို ကျွန်တော်က ရိုက်ကူးပြထားတာဖြစ်တဲ့အတွက် ကျွန်တော့ဘက်ကတော့ဘာမှ မတုံ့ပြန်ချင်ဘူး။ဒီဇာတ်ကားရဲ့အဓိပ္ပယ်ကို သိစေချင်တာပဲရှိတယ်” လို့ပြောကြားထားပါတယ်။

အဆိုပါဇာတ်ကားထုတ်လုပ်သူက ပုဂံမှာ ရိုက်ကူးစေချင်တဲ့အတွက်၊ပုဂံမှာရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊မြန်မာတွင်သာမက ကမ္ဘာအထိပါပြသလို့ရအောင်ဆိုတဲ့စိတ်နဲ့ရိုက်ခဲ့ကြောင်း၊အနုပညာသမားဖြစ်တဲ့အတွက် ဝေဖန်မှုကိုနားထောင်ကြောင်း၊ အခုဝေဖန်နေသံတွေက တစ်ဘက်သက်ဖြစ်နေကြောင်း၊ဒီဇာတ်ကားကိုရိုက်ကူးရန် ဘုရားကျွန်တွေရှိရာရွာကို သွားခဲ့ကြောင်း၊ အလှူလုပ်ဖို့နဲ့ရိုက်ကူးခွင့်ကို အဆိုပါရွာလူကြီးထံတောင်းဆိုဖို့ သွားခဲ့ကြောင်း၊အမှန်တကယ်ရိုက်ကူးရန် သွားချိန်တွင် ရိုက်ကူးခွင့်မရခဲ့ကြောင်း၊၁၉၉၀ ၀န်းကျင်လောက်က ရောက်ဖူးခဲ့ကြောင်း ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်က ထပ်မံပြောကြားခဲ့ပါတယ်။

“ကျွန်တော်ဆိုတဲ့လူက ဘယ်တော့မှ ဘယ်သူ့ကိုမှ အပုတ်ချချင်တဲ့ စိတ်လည်းမရှိဘူး။ဘယ်သူ့ကိုမှ နှိမ့်ချချင်တဲ့ စိတ်လည်းမရှိဘူး” လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ဖြည့်စွက်ပြောကြခဲ့ပါတယ်။

Source: DemocracyToday

 


09 Jun 2017     1,296 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS