BEC-TERO TV

အဆောင်နေ အမျိုးသမီးကို ဘေးခန်းတွင်နေထိုင်သူ အမျိုးသားက ဓားထောက်ကာ သားမယားပြုကျင့်

19 Jun 2017     1,535 Views


အဆောင်နေ အမျိုးသမီးတစ်ဦးကို ဘေးခန်းတွင်နေထိုင်သူ အဆောင်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားထောက်ကာ သားမယား ပြုကျင့်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ပုညလမ်းရှိ အဆောင်တစ်ခုတွင် ဇွန်လ ၁၇ ရက် ညပိုင်းက ပြောင်းရွှေ့ရောက်ရှိလာသူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးသည် အဆောင်တံခါး ပိတ်ပြီး တစ်ဦးတည်း အိပ်ပျော်နေစဉ် ည ၁ နာရီခွဲအချိန်၌ ဓားနှင့်ထောက် ခြိမ်းခြောက်ပြီး သားမယား ပြုကျင့်ခံခဲ့ရကြောင်း အမှုဖွင့် တိုင်တန်းချက်အရ ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ကောင်မလေးက အဆောင်ကို အဲဒီနေ့ကမှ ရောက်လာတာ၊ သားမယား ပြုကျင့်တဲ့သူက သူ့အခန်းနဲ့ ဘေးချင်းကပ် အဆောင်နေသူပါ၊ အဲဒီအမျိုးသားနဲ့အတူ လေးယောက်နေတယ်၊ ကောင်မလေးက အဓမ္မပြုကျင့်ပြီးတဲ့အချိန်မှာ အပေါ့သွားချင်လို့ မီးထိုးပြဦးဆိုပြီး မျက်နှာကို မှတ်ထားလိုက်တာ၊ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ အမျိုးသားကို ဖမ်းပြီး စစ်ဆေးနေပါတယ်”ဟု လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆောင်နေသူ အချင်းချင်း သားမယားပြုကျင့်သည်ဟု တိုင်ကြားခံရသော အမျိုးသားမှာ အသက် ၂၆ နှစ်အရွယ် မင်းသန့် (ခ) မင်းမင်းနိုင်ဖြစ်ပြီး ၎င်းကို လှိုင်သာယာ မြို့မ ရဲစခန်းက (ပ)၂၁၉၅/ ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

Source: The Voice

 


19 Jun 2017     1,535 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS