BEC-TERO TV

စိတ်ဝင်စားမှုနှုန်းမြင့်တက်စေခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင်ရဲ့ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ

26 Jun 2017     1,257 Views


စိတ်ဝင်စားမှုနှုန်းမြင့်တက်စေခဲ့တဲ့ ဒါရိုက်တာညိုမင်းလွင်ရဲ့ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာကအခုလိုပဲပြောလိုက်ပါပြီး။စိတ်ဝင်စားလောက်အောင် ဇာတ်လမ်းတွဲတင်ဆက်ပုံကလည်း မေးခွန်းတွေနဲ့ပြည့်နှက်နေမှာပါ။

"ကျွန်တော့်ရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းတွဲကိုစိတ်ဝင်စားနေကြတဲ့ပရိသတ်များအားလုံး မင်္ဂလာပါ...

ကျွန်တော် မကြာခင်လပိုင်းအတွင်းမှာစတင်ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲဟာတကယ်ပဲထူးခြားမှုရှိနေပါလိမ့်မယ်...

အခုလက်ရှိအချိန်ကာလမှာ ရုပ်သံလိုင်းမျိုးစုံကနေ မြန်မာဇာတ်လမ်းတွဲပေါင်းများစွာ ထုတ်လွှင့်ပြသလျက်ရှိနေပါတယ်၊
ကျွန်တော်လေ့လာကြည့်မိသလောက် တချို့ဇာတ်လမ်းတွဲတွေကို ပရိသတ်များက အထူးစွဲလန်းနှစ်သက်စွာ အားပေးခဲ့ကြပြီး၊ အချို့ဇာတ်လမ်းတွဲများကိုတော့ အစလုပ်ပြီးကြည့်မိထားလို့သာ တာဝန်တစ်ခုလိုဆက်ကြည့်နေရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်...
သုံးပုံတစ်ပုံလောက်ကြည့်ထားမိလို့ အီလည်လည်နဲ့ကျော်ကြည့်လို့လည်းမရပဲဇာတ်သိမ်းပါတော့လို့ညည်းနေတာကို ကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ရဖူးပါတယ်၊

ကျွန်တော် ရိုက်ကူးမယ့်ဇာတ်လမ်းတွဲကတော့ ပရိသတ်ကိုမဖြစ်မနေကြည့်ရမယ် ဆိုတဲ့တာဝန်တစ်ခုမပေးထားပါဘူး၊
ဇာတ်လမ်းအရှည်မဟုတ်ပဲ ဇာတ်ကောင်တစ်ယောက်ကိုပုံသေထားပြီး အပါတ်တိုင်းမှာဇာတ်လမ်းအသစ်တစ်ပုဒ် တစ်ပုဒ် ပြောင်းလဲသွားမှာဖြစ်တဲ့အတွက် ပရိသတ်များအနေနဲ့ ဒီနေ့ကြည့်မိပြီး နောက်နေ့မကြည့်ဖြစ်ရင်လည်း ပြဿနာမရှိပါဘူး၊
အရှေ့မှာဘာဖြစ်သွားလဲလို့လည်း ဘယ်သူ့ကိုမှမေးစရာမလိုပါဘူး၊
ရောက်တဲ့နေရာ၊ကြည့်မိတဲ့အပါတ်ကနေ ဇာတ်လမ်းအသစ်တစ်ပုဒ်ကိုကြည့်ရုံပါပဲ...ကျွန်တော်တို့ကလေးဘဝတုန်းက မြန်မာ့ရုပ်မြင်သံကြားကနေထုတ်လွှင့်ပြသခဲ့ဖူးတဲ့ နိုင်ငံခြားဇာတ်လမ်းတွဲတွေပုံစံမျိုးနဲ့တူပါတယ်၊
ဈေးကွက်ဝေစု ရာခိုင်နှုန်းနည်းတာ၊များတာထက် ကြည့်မယ့်ပရိသတ်တွေဟာ တာဝန်အရမဟုတ်ပဲ သူတို့ကိုယ်တိုင်တကယ်ကြည့်ချင်လို့ကြည့်ကြတာမျိုးပဲဖြစ်စေချင်ပါတယ်၊

အဲဒီမှာထပ်မံပါဝင်လာမယ့်ထူးခြားမှုကတော့
ကျွန်တော့်ဇာတ်လမ်းထဲက စုံထောက်နဲ့အတူ ပရိသတ်ကပါတရားခံလိုက်ရှာပေးဖို့ပါပဲ...
အမှုတစ်ခုကိုပြပြီး တရားခံကိုဖွက်ထားတာမျိုးတွေ၊
တရားခံကိုပြထားပြီး ဘယ်လိုသဲလွန်စရှာတွေ့ခဲ့တယ်ဆိုတာမျိုးတွေကို ဆုငွေများ၊အမှတ်တရလက်ဆောင်များနဲ့တကွအဖြေမှန်ရရှိသူများကို အပါတ်စဉ်ရွေးချယ်ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်...

လောလောဆယ်မှာ ဒီလောက်အထိမိတ်ဆက်ပေးထားပြီး
ကျွန်တော်ပြီးခဲ့တဲ့တနင်္လာနေ့က ဖွက်ထားခဲ့တဲ့ ဇာတ်လမ်းနာမည်ကိုအဖြေထုတ်ပေးပါရစေ...

အဲဒီနာမည်မှာ စာလုံးလေးလုံးပါ ပါတယ်၊
ပထမဆုံးစာလုံးက တကယ်ကိုမျက်နှာလိုက်တဲ့စကားလုံးပါ...
အဆင့်အတန်းလည်းတကယ်ခွဲပါတယ်၊
လူတွေလင်ယူသားမွေးလုပ်ရင် အိမ်ထောင်ပြုတယ် လို့ပြောတတ်ကြပြီး၊ တိရစ္ဆာန်တွေဆိုရင်တော့ ဇီး တင်တယ်လို့သုံးတတ်ကြပါတယ်...
လူတွေဗိုက်ကြီးရင် ကိုယ်ဝန် လို့ပြောတတ်ကြပြီး၊ တိရစ္ဆာန်တွေကိုတော့ ဇီး လို့ပြောကြပါတယ်၊
ဇီးနဲ့ ၊ဇီးရှိတယ် လို့ပြောဆိုသုံးနှုံးတတ်ကြပါတယ်၊
ပြီးတော့ ဇီး ကို ဆီးသီးဆိုတဲ့ စားစရာဖြစ်အောင်ပြောင်းရေးလိုက်တာနဲ့ ဆီး ဖြစ်သွားပြီး ရွံစရာကောင်းသွားပါတယ်၊
( ပရိသတ်တွေစဉ်းစားရလွယ်အောင်လို့ အဲဒီသဲလွန်စပေးတဲ့နေ့က status အောက်ခြေမှာ ကျွန်တော်ရေးနေကျ Sincerely
yours တို့၊ With love တို့မရေးပဲ See you( ဆီးယူ )လို့ရေးခဲ့ပါတယ် )
အဖြေမှန်က ဇီး ဖြစ်ပါတယ်...

ဒုတိယစာလုံးကတော့ မိန်းကလေးတွေလုပ်တဲ့အလုပ်တစ်ခုပါ၊
မိန်းကလေးတွေဟာ သနပ်ခါး ပါးကွက် ကွက် တတ်ကြပါတယ်၊အဲဒီမှာစဉ်းစားသင့်တာတစ်ခုက မိန်းကလေးတိုင်းလုပ်တဲ့ကိစ္စလို့ ကျွန်တော်မရေးထားပေမယ့် ပရိသတ်များက မိန်းကလေးတိုင်းလုပ်တဲ့စိတ်ကောက်တာတွေ၊မှန်ကြည့်တာတွေဘက်ကိုဆွဲယူသွားကြတာပါပဲ...
မိန်းကလေးတိုင်းနဲ့မိန်းကလေးတွေဟာ အဓိပ္ပါယ်အတော်လေးကွာခြားပါတယ်၊ မိန်းကလေးတိုင်း ဆိုရင်ကမ္ဘာပေါ်မှာရှိသမျှမိန်းကလေးတိုင်းလို့အဓိပ္ပါယ်ရပါလိမ့်မယ်၊ မိန်းကလေးတွေ ဆိုရင်တော့ လုပ်တဲ့သူလည်းရှိမယ်၊မလုပ်တဲ့သူလည်းရှိမယ်ပေါ့...
English လိုဆိုရင် Every Girls နဲ့ Some Girls ကွာသလိုကွာမယ်ပေါ့...
မိန်းကလေးတိုင်းအလှပြင်ပေမယ့် မိန်းကလေးတိုင်းတော့ပါးကွက်မကွက်တတ်ကြပါဘူး၊ တချို့မိန်းကလေးတွေကတော့ ကွက်ပါတယ်၊
အဲဒါကိုသာ ယောက်ျားတွေလုပ်ရင် " ပါးကွက်အာဏာသား " တွေဖြစ်ပြီး ခေါင်းဖြတ်တဲ့အထိကြောက်စရာကောင်းတဲ့ဘက်ကိုရောက်သွားကြပါတယ်၊
အဖြေမှန်က ကွက် ပါ...

တတိယစာလုံးက သေ လို့တစ်လုံးတည်းရေးရင် သေတယ်ဆိုတဲ့အဓိပ္ပါယ်ရပြီး အသံထွက်ကိုယူမယ်ဆိုရင်တော့ သစ်တယ်ဆိုတဲ့အဓိပ္ပါယ်ရပါတယ်၊အဖြေမှန်က သေ ပါ...
( မဖြိုးမွန်ထိုက် ဆိုတဲ့သူငယ်ချင်းတစ်ယောက်က ဒီ တတိယစာလုံးကိုမေးလို့ Dying ဆိုတဲ့ Gif file လေးကို comment မှာပြန်ဖြေပေးခဲ့ပါသေးတယ်၊ Dying ဆိုတာ " သေ " တာပါပဲ... )
တော်တော်များများအဲဒီစာလုံးကိုမှန်အောင်ခန့်မှန်းနိုင်ခဲ့ကြပါတယ်...

စတုတ္ထနဲ့နောက်ဆုံးစာလုံးကတော့ ပရိသတ်တော်တော်များများမှန်ကြပါတယ်၊ တချိန်က ရုပ်ရှင်မင်းသားကြီးဇော်ဝမ်းရဲ့ Nickname က ကိုတာကြီးဖြစ်ပါတယ်၊အဲဒါကို ဘာမှမထည့်ပဲပြောမယ်ဆိုရင် တာ ပေါ့...
အဖြေမှန်က တာ ဖြစ်ပါတယ်၊အရှေ့ကတစ်လုံးနဲ့ပေါင်းရင် သေတ္တာပေါ့...
စာလုံးလေးလုံးပေါင်းလိုက်ရင် အောက်ပါနာမည်ကိုရပါတယ်၊

" ဇီးကွက်သေတ္တာ "

ကျွန်တော့်ရဲ့ပထမဆုံးရုပ်သံဇာတ်လမ်းတွဲနာမည်က "ဇီးကွက်သေတ္တာ" ဖြစ်ပါတယ်...
ဇီးကွက်ဆိုတဲ့ ညမအိပ်တဲ့စုံထောက်တစ်ယောက်ရဲ့သေတ္တာထဲက အမှုတွဲဖိုင်တွေအကြောင်းပေါ့...

အဖြေမှန်သူတစ်ဦးတစ်ယောက်မှမရှိခဲ့သလို သုံးလုံးအထိမှန်တဲ့သူလည်းမရှိခဲ့ပါဘူး၊ ( တကယ်လို့ ကျွန်တော်မသိလိုက်ပဲ messenger မှာအဖြေမှန်နေတဲ့သူရှိရင်တော့ပို့ထားတဲ့ message ကိုနေ့စွဲနဲ့တကွ screenshot လေးရိုက်ပြပြီး ဒီ post မှာ photo comment အဖြစ်ပေးစေချင်ပါတယ် )
အဖြေမှန်တဲ့သူမရှိလို့လည်း ဒီအစီအစဉ်လေးက အလကားမဖြစ်သွားပါဘူး၊
ကျွန်တော့်ရဲ့ပဟေဠိကိုအချိန်ကုန်ခံ၊အိပ်ပျက်ခံပြီးစဉ်းစားဖြေဆိုခဲ့ကြတဲ့ကျွန်တော်ချစ်သောပရိသတ်များကို မဲနှိုက်ပြီးချီးမြှင့်ပေးမှာဖြစ်ပါတယ်...

မိတ်ဆွေ...
ဒီရက်သတ္တပါတ်ဟာ သင့်ကို ဇီးကွက်ဆိုတဲ့စုံထောက်တစ်ယောက်ရဲ့လက်ဆွဲသေတ္တာ ထုတ်ပြလိုက်တဲ့ရက်သတ္တပါတ်ဖြစ်ပါတယ်...
လာမယ့် မိုးရာသီအလွန်နေ့ရက်များမှာတော့ အဲဒီသေတ္တာထဲကိုကျွန်တော်ပရိသတ်တွေအားလုံး ဦးနှောက်ကိုအလုပ်ပေးဖို့ အလည်ခေါ်သွားပါရစေ......

With love,
ညိုမင်းလွင်"

Source: ညိုမင်းလွင်ဖေ့စ်ဘွတ်

 


26 Jun 2017     1,257 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS