BEC-TERO TV

မှုခင်းသမိုင်းမှာ ပြောစမှတ်ပြုရလောက်အောင် ခြောက်ခြားစေတဲ့ လေးလောင်းပြိုင် လူသတ်မှု အပြည့်အစုံ

30 Jun 2017     1,672 Views


မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော (၄)လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိမှုအခြေအနေ သတင်းထုတ်ပြန်ခြင်း ကိုတိုက်ရိုက်ဖော်ပြလိုက်ပါတယ်။


၁။ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းသာလမ်း၊ အမှတ် (မရှိ)ကျူးကျော်နေ ဒေါ်ရီရီနွဲ့သည် ၂၀-၈-၂၀၁၆ ရက် နံနက် ၀၆၀၀ အချိန်ခန့်တွင် ရွှေပြည်သာ မြို့နယ်မှ ပြန်လာစဉ် ခြံဝန်းတံခါးနှင့် အိမ်ရှေ့တံခါးမကြီးမှာ ပိတ်ထားသဖြင့် အိမ်နီးချင်း မခင်မာချို၊ မအိဖြူနှင့် ကိုကျော်ရွှေတို့နှင့်အတူ ခေါင်းရင်းဘက်ရှိ ပြတင်းတံခါးမှတစ်ဆင့် နေအိမ် အတွင်း ဝင်ရောက်ကြည့်ရှုရာ သားမက်ဖြစ်သူ စိုးနောင်(၃၇)နှစ်နှင့် မြေးဖြစ်သူ မောင်ဟန်သူရ (၁၃)နှစ်တို့သည် အိမ်ရှေ့ခန်း၌ လည်းကောင်း၊ သမီးဖြစ်သူ မချယ်ရီပွင့်(၃၄)နှစ်သည် မီးဖိုခန်း၌ လည်းကောင်း၊ မြေးဖြစ်သူ မောင်စွမ်းထက်မြတ်(၈)နှစ်သည် အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်တွင် လည်းကောင်း၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး ယင်းအမှုကို မှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းလက်ခံစစ်ဆေးခဲ့ပါသည်။


၂။ စစ်ဆေးတွေ့ရှိချက်အရ သေဆုံးသူစိုးနောင်သည် ဧည့်ခန်းအတွင်း၌ အဝတ်အစားမပါရှိဘဲ ပက်လက်အနေအထားဖြင့် ရင်ဘတ်တွင် ဓားသွားကန့်လန့်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဇနီးဖြစ်သူ မချယ်ရီပွင့်သည် မီးဖိုချောင်ခန်းအတွင်း၌ မျက်နှာ၊ ရင်ဘတ်၊ ကျောတို့၌ ဓားထိုးသွင်းဒဏ်ရာ (၁၂)ချက်၊ သားအကြီးဖြစ်သူ မောင်ဟန်သူရသည် ဧည့်ခန်းအတွင်း၌ ယာဘက်နံစောင်းတွင် ဓားထိုးသွင်းဒဏ်ရာ(၅)ချက်နှင့် သားငယ်ဖြစ်သူ မောင်စွမ်းထက်မြတ်သည် အိပ်ခန်းအတွင်း အိပ်ယာပေါ်၌ ဓားသွားကန်လန့်ထိုးသွင်းဒဏ်ရာ(၄)ချက်တို့တွေ့ရှိပြီး သေဆုံးသူစိုးနောင်၏ ဝဲဘက် လက်အနီးတွင် အရိုး(၄)လက်မ၊ အသွား(၇)လက်မရှိ သတ္ထုလက်ကိုင် တပ်ဆင်ထားသော သွေးစွန်း နေသည့် သက်သေခံဓားတစ်ချောင်းတွေ့ရှိ သိမ်းဆည်းရရှိခဲ့ပါသည်။


၃။ သေဆုံးသူ စိုးနောင်၏ အလောင်းအနီးမှ သွေးကွက်အတွင်း၌ ခြေရာအချို့နှင့် သေဆုံးသူ မောင်စွမ်းထက်မြတ်၏ ခုတင်ဘေးမှ သွေးစွန်းနေသော ကြမ်းပြင်ပေါ်၌ ဖိနပ်ရာတစ်ခု၊ သွေးများ ပေကျံနေသည့် စွပ်ကျယ်တစ်ထည်နှင့် သွေးများပေကျံနေသည့် ခြင်ထောင်အား သက်သေခံ အထောက်အထားများ အဖြစ်စနစ်တကျသိမ်းဆည်းခဲ့ပါသည်။ နေအိမ်အတွင်းသို့ ပြစ်မှုကျူးလွန် သူများ ဝင်/ထွက်နိုင်သည့် လမ်းကြောင်းနှင့် အခြားထူးခြားမှု သဲလွန်စများဖော်ထုတ် တွေ့ရှိမှု မရှိခြင်း၊ နေအိမ်ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်တွင် အခင်းမဖြစ်မီညက သေဆုံးသူ မချယ်ရီပွင့်၏ ဖခင် ဦးခွန်နောင် ပေးထားသော ငွေစက္ကူရောရာ (၁၀၅,၀၀၀)ကျပ်မှာလည်း ပုံမပျက်ရှိနေခြင်း၊ သေဆုံးသူ မချယ်ရီပွင့်၏ စိန်နားကပ်မှာ ဝတ်ဆင်ထားလျက် တွေ့ရှိရခြင်းတို့ကြောင့် ပစ္စည်းတစ်စုံ တစ်ရာ ရယူလိုမှုကြောင့် လူသတ်လုယက်ခံရခြင်းမဟုတ်ကြောင်း ယူဆနိုင်ခဲ့ပါသည်။


၎။ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြနေကြသော လေးလောင်းပြိုင်လူသတ်မှုနှင့် စပ်လျဉ်းပြီး မသင်္ကာဖွယ်လူ(၃)ဦး၏ ဓာတ်ပုံနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ တရားလိုဒေါ်ရီရီနွဲ့၏ ထွက်ဆိုချက်အရ အခင်းမဖြစ်မီ တစ်ပတ်ကျော်ခန့်က မချယ်ရီပွင့် နေအိမ်အတွင်း ရှိနေစဉ် အိမ် အရှေ့ ခြံစည်းရိုးဘက်၌ ဓာတ်ပုံရိုက်နေသော လူ(၃)ဦးအား မသင်္ကာသဖြင့် မချယ်ရီပွင့်မှ ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူထားခဲ့သည့် (၃)ဦးအား ဆက်လက်စုံစမ်းဖော်ထုတ်ဆဲဖြစ်ပါသည်။


၅။ သေဆုံးသူ စိုးနောင်သည် ရွှေပြည်သာမြို့နယ်၊ (၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ သဲ/ကျောက် အရောင်းဆိုင်ဖွင့်လှစ်ထားသူ ဦးမြင့်ကြိုင်၊ ဒေါ်တင်တင်ငြိမ်းတို့ထံမှ အုတ်/သဲ/ကျောက် များကို အကြွေးဝယ်ယူပြီး ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အကြွေးကျပ်(၂၇)သိန်း တင်ရှိခဲ့ရာ ဒေါ်တင်တင်ငြိမ်းမှ ဖုန်းဖြင့် အကြိမ်ကြိမ်တောင်းခံမှုကြောင့် ၂၉-၂-၂၀၁၆ ရက်တွင် စိုးနောင်မှ ငွေကျပ်(၁၀)သိန်းပေးဆပ်ခဲ့ကြောင်း စစ်ဆေးသိရှိရပါသည်။


၆။ အခင်းဖြစ်နေအိမ်ခြံဝန်းအတွင်းနှင့် ခြံဝန်းအပြင်တို့ကို စစ်ဆေးချက်အရ သေဆုံးသူ မိသားစု၏ ဗေဒင်၊ ယတြာချေထားသော ပစ္စည်းများတွေ့ရှိခြင်း၊ သေဆုံးသူ မချယ်ရီပွင့်၏ ခြေဖဝါးနှစ်ဖက်တွင် အကြွေးပေးရန်ရှိသူ၏ အမည်အား မှင်ဖြင့်ရေးသား၍ ယတြာချေထားသည်ကို တွေ့ရှိခြင်း၊ နေအိမ်ဘီရိုအတွင်းမှ သေဆုံးသူမိသားစု ဝယ်ယူဖတ်ရှုထားသော မှော်၊ ကဝေ၊ သရဲ၊ တစ္ဆေ၊ ဝိဉာဉ်နှင့် ဂမ္ဘီရစာများ စသည့် အကြောင်းအရာပါ စာအုပ်များတွေ့ရှိသိမ်းဆည်းရရှိခဲ့ပါသည်။ အမှုစစ် ရဲတပ်ဖွဲ့အနေဖြင့် တရားလိုနှင့် လွတ်လပ်သော သက်သေ(၁၅၆)ဦး၊ သင်္ကာမကင်းသူ (၇)ဦးတို့အား အသေးစိတ်စိစစ်ခဲ့ရာ အမှုနှင့်ဆက်စပ်သည့် အခြင်းအရာများ ကျူးလွန်သည့် အချက်အလက်အထောက်အထား တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း မရှိခဲ့ပါ။


၇။ သက်သေခံအဖြစ် သိမ်းဆည်းရရှိခဲ့သည့် ခြေရာများမှာ သေဆုံးသူ စိုးနောင်၏ ခြေရာများ ဖြစ်ကြောင်း ခုတင်ဘေးတွင် တွေ့ရှိသော ဖိနပ်ရာမှာ တရားလို ဒေါ်ရီရီနွဲ့၏ ဖိနပ်ရာဖြစ်ကြောင်း စိစစ်အတည်ပြု ရရှိခဲ့ပါသည်။
၈။ သေဆုံးသူ မချယ်ရီပွင့်သည် တစ်ခါတစ်ရံတွင် အရက်နှင့် ဝိုင်ကို သောက်လေ့ရှိကြောင်း၊ အခင်းဖြစ်နေရာများ စစ်ဆေးစဉ် ထမင်းစားခန်းတွင် သောက်လက်စ Grand Royal ဝီစကီ ပုလင်းမှ အရက်လေးပုံတစ်ပုံကျန်နှင့် ရေခဲသေတ္တာအတွင်း၌ ဝိုင်အသစ်(၂)ပုလင်းတို့အား စစ်ဆေး တွေ့ရှိရပါသည်။ ဓာတုဗေဒဝန်ရုံးမှ စစ်ဆေးချက်အရ စိုးနောင်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု မတွေ့ရှိရဘဲ မချယ်ရီပွင့်၏ အစာအိမ်အရည်တွင် အရက်ပါဝင်မှု (၀.၁၆)ရာခိုင်နှုန်း တွေ့ရှိသည်ဟု ပြန်ကြားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။


၉။ သေဆုံးသူ စိုးနောင်အနီးမှ တွေ့ရှိသိမ်းဆည်းရရှိသော ဓားမှာ သေဆုံးသူ စိုးနောင်၏ ကိုယ်ပိုင်ဓားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး DNA နည်းပညာဖြင့် စစ်ဆေးချက်အရ ဓားရိုးတွင် သေဆုံးသူ စိုးနောင်၏ DNA စိစစ်တွေ့ရှိရခြင်း၊ ဓားသွားပေါ်ရှိ သွေးများမှာလည်း သေဆုံးသူ စိုးနောင်၊ မချယ်ရီပွင့်၊ မောင်ဟန်သူရနှင့် မောင်စွမ်းထက်မြတ် တို့၏ DNA များသာ တွေ့ရှိ ရကြောင်း၊ သက်သေခံသိမ်းဆည်းရမိထားသော စွပ်ကျယ်မှာ သေဆုံးသူ စိုးနောင်၏ စွပ်ကျယ် ဖြစ်ပြီး သွေးများအား ချွတ်၍ သုတ်ထားသည့် အနေအထားဟုယူဆရပါသည်။ ထို့အပြင် စွပ်ကျယ် တွင် ဓားဖြင့်ထိုးထားသော အပေါက်အရာ မရှိခြင်း၊ ခြင်ထောင်ရှိ သွေးများနှင့် စွပ်ကျယ်တွင် ပေကျံနေသည့်သွေးများကို DNA စစ်ဆေးခဲ့ရာ သေဆုံးသူ (၄)ဦးတို့၏ DNA သာတွေ့ရကြောင်း၊ အခြားပြင်ပ DNA မတွေ့ရကြောင်း စစ်ဆေးတွေ့ရှိရပါသည်။


၁၀။ သေဆုံးသူ စိုးနောင်၏ ဝဲဘက်လက်သန်းတွင် သွေးခြေဥဒဏ်ရာ တွေ့ရှိရသဖြင့် မှုခင်းဆရာဝန်မှ စစ်ဆေးခဲ့ရာ သက်သေခံဓား၏ သတ္ထုအရိုးအား တင်းကြပ်စွာကိုင်ဆောင်၍ အချက်ပေါင်းများစွာထိုးစဉ် ရရှိနိုင်သော သွေးခြေဥဒဏ်ရာဖြစ်ကြောင်းနှင့် သေဆုံးသူ စိုးနောင်မှာ ဘယ်သန်ဖြစ်ကြောင်း၊ ထို့အပြင် သေဆုံးသူတစ်ဦးချင်းစီတွင် တွေ့ရှိရသော ဓားဒဏ်ရာများမှာ သိမ်းဆည်းရမိခဲ့သည့် သက်သေခံဓားဖြင့် ထိုးသွင်းရရှိခဲ့သော ဒဏ်ရာများဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့ပါသည်။ သေဆုံးသူ စိုးနောင်၏ ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန်လန့်ပုံ ဓားထိုးသွင်း ဒဏ်ရာ(၄)ချက်သည်လည်း သေဆုံးသူအနေဖြင့် စိတ်အခြေအနေမှာ ပုံမှန်မဟုတ်သော စိတ်ခံစား မှုမျိုး ဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးမှ အတည်ပြုပြောကြားခဲ့သည့်အပြင် အလားတူ အခြားသာဓက ဖြစ်စဉ် မှုခင်းများလည်းရှိကြောင်း စိစစ်တွေ့ရှိရပါသည်။


၁၁။ သေဆုံးသူ စိုးနောင်သည် ဒဿနိက ဗေဒဘွဲ့ရရှိထားသူဖြစ်ပြီး စိတ်မြန်လက်မြန် ဆောင်ရွက်တတ်သူဖြစ်ကြောင်း၊ တုတ်/ဓားလက်နက်ကိုင်ဆောင်တတ်သည့် အလေ့အထရှိကြောင်း၊ ၎င်းတို့ဇနီးမောင်နှံသည် အိမ်ထောင်မပြုခင်အချိန်မှစ၍ သေဆုံးချိန်အထိ အိမ်ထောင်ရေး ပြဿနာများ၊ လူမှုရေးပြဿနာများရှိနေခဲ့ကြောင်း၊ အခင်းမဖြစ်မီ (၃)လခန့်မှစ၍ မိသားစု စီးပွားရေးအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း၊ လင်မယားမကြာခဏ စကားများမှုရှိ ကြောင်း၊ ထိုအချက်များအပေါ်တွင် အကြောင်းပြု၍ စိုးနောင်သည် အအိပ်အစားပျက်မှုများ၊ စိတ်မတည်ငြိမ်မှုဖြစ်ပေါ်လျက်ရှိကြောင်း ပတ်ဝန်းကျင်သက်သေများ၏ ထွက်ဆိုချက်များအရ သိရှိရပါသည်။ ထို့အပြင် ၎င်းတို့မိသားစု၏ အိမ်ထောင်ရေး၊ လူမှုရေးပြဿနာများအား ကောင်းစွာ သိရှိသူ (၈)ဦးမှလည်း သက်ဆိုင်ရာတရားရုံးတွင် ကြိုတင်ထွက်ဆိုချက်များ ပြည့်စုံစွာထွက်ဆို ပေးထားပြီး ဖြစ်ကြောင်းနှင့် သက်သေ၊ ကျွမ်းကျင်သူပညာရှင်များ၊ သက်မဲ့သက်သေအထောက် အထားများမှ စစ်ဆေးပေါ်ပေါက်ချက်များအရ အမှုအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


Source: မြန်မာနိုင်ငံရဲတပ်ဖွဲ့


30 Jun 2017     1,672 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS