BEC-TERO TV

" မြန်မာမိန်းကလေးများအတုယူစရာ မအေးသောင်းအကြောင်း "ဝေဖန်သူ များပြား

30 Jun 2017     1,596 Views


" မြန်မာမိန်းကလေးများအတုယူစရာ မအေးသောင်းအကြောင်း "ဆိုပြီး သုခုမအလင်းတန်းများ စာမျက်နှာကနေ ဖော်ပြထားတာကို လက်ခံသူရှိသလို၊ဝေဖန်သူတွေလည်း များပါတယ်။

" မြန်မာမိန်းကလေးများအတုယူစရာ မအေးသောင်းအကြောင်း

ယခုတလော လူမှုကွန်ယက်ပေါ်တွင် လူအတော်များများ မအေးသောင်း မအေးသောင်းဖြင့် မယုံနိုင်စရာလောက်အောင် များစွာကျော်ကြားလာသည်။မအေးသောင်း ဆိုသည်မှာ အခြားသူမဟုတ် မြန်မာ့ရုပ်ရှင်မင်းသမီး ၊ အေးဝတ်ရည်သောင်း သာဖြစ်သည်။ ယနေ့ခေတ်အခါသည် တစ်ဦးနှင့်တစ်ဦးကျော်ကြား လာပုံခြင်းမတူ သော်လည်း မအေးသောင်းကား ကောင်းသော ကျော်ကြား လာခြင်းမျိုးဖြစ်သည်။ မအေးသောင်းနာမည်ကြီး လာခြင်းနှင့်ပတ်သက်၍ စာရေးသူ နားလည်သမျှ ဣတ္ထိယ ဂုဏ်ရည်ဆိုင်ရာ စာပေများကို အခြေခံကာ ရေးသား တင်ပြလိုက်ပါသည်။

မအေးသောင်းသည် ပတ္တမြား၏သဘောကဲ့သို့ သဘောသဘာဝ ရှိသည့် မိန်းမကောင်း ၊ မိန်းမမြတ်တစ်ဦးဖြစ်နေသည် ။ သူမကျော်စောလာရခြင်း အကြောင်းတရားများမှာ -
၁။ မိန်းမမြတ်တို့၏ ကြန်အင်ကိုပိုင်ဆိုင်ထားခြင်း
၂။ ယဉ်ကျေးသိမ်မွေ့သော မြန်မာဝတ်စုံများကိုဂုဏ်ယူဝတ်ဆင်ခြင်း
၃။ ပန်းချီဆရာ ၊ စာရေးဆရာ၊ ကဗျာဆရာတို့၏ စိတ်စေတနာကို နှိုးဆွနိုင်သော အလှတရားများ ပိုင်ဆိုင်ထားခြင်းတို့ကြောင့် ဖြစ်သည်။

၁။ မိန်းမကောင်းမိန်းမမြတ်ဂုဏ်ရည်ကြန်အင်တို့ ပိုင်ဆိုင်ထားခြင်း

ကုန်းဘောင်ခေတ်တွင် နာမည်ကျော်ကြားခဲ့သော ကင်းဝန်မင်းကြီး ဦးကောင်းရေးသည့် မိန်းမတို့၏ ကောင်းခြင်း လက္ခဏာအကျဉ်း (၁၀) မျိုးတွင် (၁၀) မျိုးစလုံးကို ပိုင်ဆိုင်ထားကာ အကျယ် ( ၆၄ )မျိုးတွင် ( ၃၃ ) မျိုးခန့် ပိုင်ဆိုင်ထားသူဖြစ်သည်။ ( ၆၄ ) မျိုးအသေးစိတ်မှာ

၁။ ကိုယ်၏ကောင်းခြင်း လက္ခဏာ - ( ၁၆ ) မျိုး
၂။ မျက်နှာ၏ကောင်းခြင်း လက္ခဏာ - ( ၈ ) မျိုး
၃။ စိတ်၏ကောင်းခြင်းလက္ခဏာ - ( ၆ ) မျိုး
၎။ လည်ပင်း၏ကောင်းခြင်း လက္ခဏာ- ( ၁ ) မျိုး
၅။ အသံ၏ကောင်းခြင်း လက္ခဏာ - ( ၃ ) မျိုး
၆။ မျက်စိ၏ကောင်းခြင်း လက္ခဏာ - ( ၄ ) မျိုး
၇။ သွား၏ကောင်းခြင်း လက္ခဏာ - ( ၁ ) မျိုး
၈။ ဆံပင်၏ကောင်းခြင်း လက္ခဏာ - ( ၃ ) မျိုး
၉။ လက်ဖဝါးကောင်းခြင်း လက္ခဏာ - ( ၉ ) မျိုး
၁၀။ ခြေဖဝါးကောင်းခြင်း လက္ခဏာ - ( ၁၃ ) မျိုးတို့ဖြစ်သည်။

စုစုပေါင်း - ( ၆၄ ) မျိုး ဖြစ်လေသည်။

(မအေးသောင်းပိုင်ဆိုင်ထားသော ကောင်းခြင်း လက္ခဏာ များကို စာညွန်း ပေးထားသော ဓါတ်ပုံများကို တစ်ပုံချင်း ထောက်ရှုနိုင် ပါသည်။)

၂။ ယဉ်ကျေးသိမ်မွေ့သော မြန်မာဝတ်စုံများကို ဂုဏ်ယူစွာ ဝတ်ဆင်ခြင်း

မြန်မာတိုင်းသည် မြန်မာ့ဝတ်စုံဖြင့်သာ အထိတွေ့အများဆုံးရှိသော လူမျိုးများဖြစ်သည်။ မြန်မာဝတ်စုံသည် မြန်မာလူမျိုးများကို မဆိုထားနှင့် ကမ္ဘာလှည့်ခရီးသည်တိုင်းလိုလိုပင် မြန်မာဝတ်စုံ ဝတ်ထားသော မြန်မာ့အလှစစ်ကို တွေ့မြင်သည်နှင့် ဓါတ်ပုံရိုက်ယူ ခြင်း ၊ မြန်မာဝတ်စုံ ကို အမှတ်တရအဖြစ် ဝယ်ယူခြင်းမျိုး ပြုလုပ်ကြသည်။ "အတုမြင်အတတ်သင်" ဆိုသည့်စကားအရ မြန်မာမိန်းကလေးအချို့တို့မှာမူ မြန်မာမှု မြန်မာ့ဟန်နှင့် မအပ်စပ်သော တိုင်းတပါးအဝတ်အထည်များ ဝတ်ဆင်ခြင်း ဆံပင်နီဆေးဆိုးခြင်းများ ပြုလုပ်ရာဝယ် အတုသာဖြစ်လေသဖြင့် မြန်မာတို့မဆိုထားနှင့် နိုင်ငံခြားသား တို့ကပင် စိတ်ပျက်နေ တတ်ကြသည်။ အနုပညာရှင်မအေးသောင်းသည် မြန်မာဆန်သော အလှတရားကို အပြည့်အဝပိုင်ဆိုင်ထားသူ ဖြစ်လေရာ သူမ၏ စိတ်စေနာအလျောက် ထို မြန်မာဝတ်စုံကို အနုပညာသားဆန်ဆန် မှန်ကန်စွာဖန်တီးကာ ဆင်မြန်းလိုက်သောအခါ မြန်မာတို့၏ စိတ်နှလုံးတွင် နှစ်သက်ခြင်း၊ ဂရုဏာဖြစ်ခြင်းဟူသော စိတ်အရသာ ( ၉ ) ပါး မှ ( ၂ ) ပါးအထိပေး နိုင်ခဲ့သည်။ အမှန်တကယ်အားဖင့် မြန်မာ့ဝတ်စုံ၏ အလှတရားသည် မြန်မာတို့တွင်သာရှိနေသည်။

၃။ ပန်းချီ၊ ကဗျာလင်္ကာ၊ စာရေးဆရာတို့၏ စိတ်စေတနာကို နှိုးဆွနိုင် သော အလှတရားများပိုင်ဆိုင်ထားခြင်း။
မိန်းမတစ်ယောက်၏ဘဝတွင် အဖိုးအနဂ္ဃ အထိုက်တန်ဆုံးအချိန် ကာလသည် အပျိုစင်ဘ၀ဖြစ်သည်။ အသွားအလာ အနေအထိုင် အပြောဆိုအပြုမူအားလုံး အပျိုစင်ဘဝသည် အရေးအကြီးဆုံး ကဏ္ဍဖြစ်လေသည်။ မိန်းမတစ်ဦး၏ဘဝတွင် လှပသောရုပ်ဆင်းအင်္ဂါ လက္ခဏာသည် မိန်းမတို့အတွက် အဖိုးထိုက်တန်သော ပစ္စည်းဥစ္စာ ဖြစ်သဖြင့် "ဣတိ ရူပံ ဓနံ" ဟု ရှေးပညာရှိ နီတိဆရာကြီးတို့က ဖွင့်ဆို သည်။ အထူးသဖြင့် အွန်လိုင်းမှ ဖြန့်ဝေသူတို့ အဓိကအခန်းတွင် ပါဝင်နေသည်။ Aye Thaung ဟူသောအမည်သည် သာမာန်လူတစ်ဦးအနေဖြင့် မသိနိုင် ပန်းချီဆရာ၊ စာရေးဆရာ၊ ကဗျာဆရာများစွာတို့က သူမအလှဘွဲ့အား စာဖွဲ့ကြကာ အွန်လိုင်း ပေါ်တွင်ဝိုင်းဝန်း ဖြန့်ဝေကြသည်။ သတင်းကြီးလာ လေသောကြောင့် ဤဖြန့်ဝေသောသူများ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးပါသည်။

ဂုဏ်ရည် ( ၅ ) ပါးတွင်
၁။ အရွယ်၏ကောင်းခြင်း
၂။ အသားအရောင်အရေ၏ကောင်းခြင်း
၃။ စာရိတ္တဂုဏ်ရည်
၎။ အရိုး၏ဂုဏ်ရည်
၅။ ဆံပင်ဂုဏ်ရည်
တို့မှ အရွယ်၏ကောင်းခြင်းဂုဏ်ရည်သည် မအေးသောင်းပိုင်ဆိုင် ထား သော အထူးခြားဆုံးဂုဏ်ရည်အဖြစ် အမြင်သာဆုံးဖြစ်နေသည်။ မအေးသောင်းသည် ယခုအချိန်တွင် လူလတ်ပိုင်းအရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း သူမ၏အလှတရားကား နုပျိုလှပလွန်း သည်မှာ အငြင်းပွားစရာမရှိပေ။ အရွယ်ဂုဏ်ရည်ဆိုသည် မှာ ကျန်းမာရေးနှင့်သော်လည်းကောင်း၊ စိတ်ချမ်းသာမှုနှင့်သော် လည်းကောင်း တိုက်ရိုက်တိုက်ဆိုင်နေသည်။

မအေးသောင်းသည် နူးညံ့သိမ်မွေ့ကာ ဖြူစင်သောစိတ်နေစိတ်ထားရှိသူ ဖြစ်သဖြင့် စိတ်ပျိုကိုယ်နုရခြင်း ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်ပြောရလျှင် သူမ၏ဇာတာစန်းလဂ်သည် သူမဘဝ တစ်သက်တာအတွက် အမြင့်မားဆုံးအချိန်တို့ရောက်ရှိနေ၍ သူမအနေဖြင့် ဤအချက်ကို အကျိုးရှိရှိအသုံးချတတ်ရန် အရေးကြီး ပါသည်။ သို့သော် လောကသဘာဝတရားအရ "အမြင့်ရောက်လေ လေတိုက်လေ" ဆိုသည့်သဘောအရလည်း သူမ အနေဖြင့် အစစ အရာရာကို ယခင်ကထက်ပိုမိုဆင်ခြင်ရပါတော့မည်။ မိန်းမတို့သည် တိုင်းပြည်၏ရတနာများ ဖြစ်သည့်အတွက် မိမိတို့ရုပ်ရည်နှင့်သာ လိုက်ဖက်သော အဝတ်အစားများကို ဝတ်ဆင်ကြပါရန် မိန်းမဂုဏ်ရည်များအကြောင်း ဗဟုသုတ ရရှိစေရန်ရေးသား လိုက်ပါသည်။

ဓာတ်ပုံများအားမူလပိုင်ရှင်များထံမှငှားရမ်းသုံးစွဲခွင့်ပြုပါရန် မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

သုခုမအလင်းတန်းများ

Ref :

- လောကီပညာညွန့်ပေါင်း
- မိန်းမကောင်းမိန်းမမြတ်ဂုဏ်ရည်
- ဗေဒမကုဋမာလာ "

 

Source:သုခုမအလင်းတန်းများ

 

 


30 Jun 2017     1,596 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS