BEC-TERO TV

မြန်မာနိုင်ငံတွင်ကျင်းပမည့် အာရှ ယူ၂၃ ခြေစစ်ပွဲ အတွက် သြစတြေးလျအသင်း တောင့်တင်းတဲ့လူစာရင်းထုတ်ပြန်

05 Jul 2017     1,445 Views


ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပမည့် အာရှ ယူ၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ် များအတွက် သြစတြေးလျ ယူ၂၃ အသင်း၏ ပဏာမ ၂၆ ဦးစာရင်းကို နည်းပြချုပ် Josep Gombau က ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ စာရင်းတွင် ဥရောပ အခြေစိုက် ကလပ်အသင်းများမှ ကစားသမား (၅)ဦး ဖြစ်သည့် အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ် အသင်း ဂိုးသမား သောမတ်စ် ဂလိုဗာ၊ အင်္ဂလန်လိဂ်-၂ မှ မိုကမ်ဘီအသင်း ဂိုးသမား ဒယ်နီရယ် နီဇစ်၊ ဂျာမန် ဘန်ဒက်စ်လီဂါ (၂)ကလပ် အိမ့်ထရက်ခ်ျ အသင်းမှ တိုက်စစ်မှူး မီလိုဆလပ် ပိုပိုဗစ်၊ နယ်သာလန် NEC ကလပ်မှ စတီဖင် မာခ့်၊ ဒိန်းမတ်ကလပ် မစ်ဂျီလန် အသင်းမှ တိုက်စစ်မှူး မာဘီလ် တို့ပါဝင်လာကြသည်။

အခြား ကစားသမားများမှာ သြစတြေးလျ A-League ကလပ်အသင်းများမှ ဖြစ်ပြီး စုစုပေါင်း ကစားသမား ၂၆ ဦး အနက် နောက်ဆုံး ၂၃ ဦးစာရင်းကို မြန်မာနိုင်ငံသို့ မလာမီ ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည် ဟုသိရသည်။

" အာရှ နိုင်ငံ အများစုကတော့ သူတို့လိဂ်တွေ ကျင်းပနေဆဲ အချိန်၊ ရာသီဝက်ဝန်းကျင် ဖြစ်နေပြီး ကျွန်တော်တို့ သြစတြေးလျ လိဂ်ကတော့ ရာသီကြို ပြင်ဆင်နေချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ၃ ပတ်လောက် အနား ရထားပြီး ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ကစားသမားတွေ ရှိနေပြီးဖြစ်ပါတယ်။ အာရှ ယူ၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အတွက် ပွဲမတိုင်မီ အသင်းလိုက် စုပေါင်းပြီး ၁၀ ရက် ကြိုတင်ပူးပေါင်းလေ့ကျင့် သွားဖို့ရှိပါတယ်။ ပွဲဦးထွက် ပွဲစဉ်မှာ ကျွန်တော်တို့ အကောင်းဆုံး ပုံစံရနေမယ်လို့ ယုံကြည်ထားပြီးသားပါ။ ဒီအုပ်စုမှာ မြန်မာ အသင်းက အိမ်ရှင် ဖြစ်တာကြောင့် အိမ်ကွင်း အားသာချက် အတန်အသင့် ရှိနေမှာ ဖြစ်ပေမဲ့လည်း ကျွန်တော်တို့က မြန်မာ အသင်းရော အခြား ပြိုင်ဘက် ၂ သင်းကိုရော လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားပါမယ်။" ဟု သြဇီ ယူ၂၃ နည်းပြ ဂျိုးဆက် ဂွမ်ဘာ ကဆိုသည်။

သြစတြေးလျ ယူ၂၃ အသင်း အနေဖြင့် ပွဲကြို ခြေစမ်းပွဲ အဖြစ် စခန်းဝင်လေ့ကျင့်သည့် ကာလ(၁၀)ရက် အတွင်း ဆစ်ဒနီ ၀မ်းဒါးရားစ် ၊ ဆန်ထရယ် ကိုစ့် မာရီနားစ် အသင်းများနှင့် ခြေစမ်းပွဲ ကစားမည်ဟုလည်း သိရသည်။

Source: MFF

 


05 Jul 2017     1,445 Views




RELATED

Most Popular of Football

Most Popular of NEWS