သရုပ်ဆောင်စမိုင်းလ်လောက် ကံမကောင်းခဲ့တဲ့ သတို့သမီး
10 Jul 2017 1,476 Views

မင်္ဂလာနှစ်ပတ်လည်ကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ သရုပ်ဆောင် စမိုင်းလ်တို့ စုံတွဲဟာ ဒီနှစ်မင်္ဂလာဆောင်ကို ထူးထူးခြားခြား ဟယ်လီကော်ပတာစီးပြီး ပြန်ဆောင်ခဲ့တယ်လို့ ဂျာနယ်တွေမှာ ရေးသားဖော်ပြခဲ့တာ ဖတ်ခဲ့ရပါတယ်။
မင်္လာဆောင်အခမ်းအနားဟာ ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးဆုံးပွဲတစ်ပွဲ ဖြစ်လို့ အမှတ်တရအဖြစ်ဆုံးဖြစ်အောင် စီစဉ်ကြလေ့ရှိပါတယ်။ ဘရာဇီးနိုင်ငံက သတို့သမီးတစ်ဦးဟာလည်း သူမရဲ့ သတို့သားနဲ့ ပရိသတ်တွေ အံ့သြသွားအောင် အမှတ်တရဖြစ်သွားအောင် မင်္ဂလာခမ်းမကို တိတ်တိတ်လေး ဟယ်လီကော်ပတာနဲ့ သွားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ စမိုင်းလ်တို့လိုတော့ ကံမကောင်းခဲ့ပါဘူး။
ဘရာဇီးနိုင်ငံ Sao Paulo မြို့က သတို့သမီးဖြစ်သူ Rosemer do Nascimento Silva ဆိုသူက သတို့သားဖြစ်သူ Udirley Damasceno နဲ့ ဧည့်ခံပွဲလာကြသူ ပရိသတ်ပေါင်း ၃၀၀ ကျော် အံ့သြသွားစေရန် ဟယ်လီကော်ပတာဖြင့် မင်္ဂလာပွဲကျင်းပရာ ဘုရားကျောင်းသို့ သွားမည့်အစီစဉ်ကို သူ၏မောင်ဖြစ်သူ အပါအဝင် လူ ၆ ဦးသာ သိသည့်အစီစဉ်ကို တိတ်တိတ်လေး စီစဉ်ခဲ့ခြင်းဖြစ်သည်။
လူ ၄ ဦးစီး ဟယ်လီကော်ပတာထဲတွင် လေယာဉ်မှူး၊ ကိုယ်ဝန် ၆ လလီယ်ထားရသော ဓါတ်ပုံဆရာမတို့က ရှေ့ခန်းတီင်ထိုင်ပြီး သတို့သမီးနှင့် မောင်ဖြစ်သူ နှစ်ဦးတို့ နောက်ခန်းတွင် အတူတူ စီးနင်းလိုက်ပါခဲ့ပြီး လမ်းတစ်လျှေက် ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့သည်။
ဗီဒီယိုပါ ပုံရိပ်များအရ အစပိုင်းတွင် အဆင်ပြေနေခဲ့ပြီး နောက်ပိုင်းတွင် ရာသီဥတုမှုန်မှိုင်းလာပြီးနောက် ဟယ်လီကော်ပတာ ပျက်ကျခဲ့ရာ လေးဦးစလုံး သေဆုံးခဲ့သည်။
မင်္ဂလာပွဲစီစဉ်သူက အချိန်အတော်ကြာသည့်တိုင် ရဟတ်ယာဉ်ရောက်မလာသည့်အတွက် လိုက်လံစုံစမ်းရာမှ ရဟတ်ယာဉ်ပျက်ကျခဲ့ကြောင်း စတင်သိရှိခဲ့ရသည်။ မင်္ဂလာသတို့သားမှာတော့ ဘာမသိညာမသိဖြင့် သတို့သမီးဆုံးရှုံးခဲ့ရသည့်အတွက် အံ့သြဝမ်းနည်း ပူဆွေးခဲ့ရသည်။
အာဏာပိုင်များ၏ စစ်ဆေးမှုအရ မိုးရွာသွန်းနေစဉ် သေချာမမြင်ရပဲ ဟယ်လီကော်ပတာမှာ သစ်ပင်နှင့်တိုက်မိပြီး ပျက်ကျခဲ့ကြောင်း ဖော်ပြခဲ့သည်။ ပျက်ကျခဲ့သော အဆိုပါ ရဟတ်ယာဉ် Robinson 44 မှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ နေ့ထိပျံသန်းခွင့် လိုင်စင်ရှိကြောင်း အမျိုးသားလေကြောင်းဌါနမှ ထုတ်ပြန်ခဲ့သည်။ အဖြစ်အပျက်မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပျက်ကျခဲ့ခြင်းဖြစ်သည်။