ဒီဝါကျွတ်ရင် လက်ထပ်တော့မယ်ဆိုတဲ့ သန္တာလှိုင်
11 Jul 2017 1,814 Views

ခန္ဓာကိုယ်အချိုးအစား လှပပြေပြစ်မှုက ဆယ်ကျော်သက်လေးတွေတောင် အရှုံးပေးထားရတဲ့ ကလေးနှစ်ယောက်ရဲ့မိခင် မော်ဒယ်သန္တာလှိုင်က သူမဘဝအတွက် လက်တွဲဖော်ကို ဆုံဆည်းတွေ့ရှိထားပြီး ဒီဝါကျွတ်ရင် လက်ထပ်တော့မယ်လို့ ပရိသတ်ကြီးကို အသိပေးလာပါပြီ။
မော်ဒယ်သန္တာလှိုင်ဟာ နိုင်ငံရပ်ခြားမှာ အကြာကြီးနေလာခဲ့သူပီပီ သူမရဲ့ မိသားစုအတွင်းရေးတွေကိုပါ ပွင့်ပွင့်လင်းလင်း အသိပေးလေ့ရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ T-Workshop အားကစားလေ့ကျင့်ခန်းမကို ဖွင့်လှစ်ထားသလို အနုပညာနဲ့ပက်သက်တဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။
သားနဲ့သမီးကို မိဘတာဝန်ကျေပြွန်အောင် ထိန်းကျောင်းပေးရင်း အသက်ကြီးလာတာနဲ့အမျှ အချစ်ကိုဦးစားမပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ဘဝလက်တွဲဖော်ဆိုတာ အရေးကြီးကြောင်း သိလိုက်ရပါတယ်။
သူမရဲ့ ဘဝလက်တွဲဖော်ကတော့ သူမရဲ့ဘေးမှာ ၂၀၁၆ ခုနှစ်ထဲက တစ်ချိန်လုံးရှိနေခဲ့တဲ့ Image Consultant တစ်ယောက်ပဲဖြစ်ပါတယ်။ Single Mother တစ်ယောက်အနေနဲ့ လက်မထပ်ပဲ အကြာကြီးတွဲနေတဲ့အတွက် သူမကို စံထားတဲ့ လူငယ်အမျိုးသမီးလေးတွေ အတုယူမမှားရအောင် ဒီဝါကျွတ်ရင် လက်ထပ်တော့မယ်လို့ စီစဉ်ထားကြောင်း People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သန္တာလှိုင်က ဖွင့်ဟလိုက်ပါတယ်။