BEC-TERO TV

မကြာခင်မှာ မြေပဲယိုပြန်ရောင်းတော့မည့် မင်းမော်ကွန်း

18 Jul 2017     1,334 Views


ရုပ်ရှင်အသိုင်းအဝိုင်းက ‘ကိုကြာနု’ (ကြာလာလေ နုပျိုလာလေမို့) လို့ ချစ်စနိုးအမည်ပေးထားတဲ့ သရုပ်ဆောင် အဆိုတော် အကယ်ဒမီမင်းမော်ကွန်းတစ်ယောက် ဆယ်နှစ်ကျော်ကြာ လှည့်မကြည့်ဖြစ်တဲ့ “မြေပဲယို”ကို ပြန်လည် အသက်သွင်းတော့မည်ဖြစ်သည်။



ရုပ်ရှင်နယ်ပယ်မှာသာမက ဂီတနယ်ပယ်မှာပါ အသံနုနုချိုချိုလေးနဲ့ အောင်မြင်ထားတဲ့ မင်းမော်ကွန်းက သူ့ရဲ့ မြေပဲယိုအဖွဲ့နဲ့အတူ အခွေအသစ်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
တေးရေး ကျားပေါက်၊ ကိုမောင် တို့နဲ့အတူ သူကိုယ်တိုင်ရေးထားတဲ့ သီချင်းအများစုပါဝင်တဲ့ တေးအယ်လ်ဘမ်မှာ သီချင်း ၈ ပုဒ်ပါလာမယ်လို့ သိရပါတယ်။

"ကျွန်တော်ရေးတာကများပါတယ်။ ကိုမောင်ရေးတာ တစ်ပုဒ်ပါမယ်။ ကျားပေါက် ရေးတာ တစ်ပုဒ်ပါမယ်။ ကျွန်တော်ညီရေးတာ တစ်ပုဒ်ပါမယ်။ သီချင်းတွေကတော့ သီချင်းအသစ်တွေပါ။ ကျန်တော်ရေးထားပြီး မထည့်ဖြစ်သေးတဲ့ စုထားတဲ့သီချင်းတွေရှိတယ်။ အဲဒီထဲကနေ ကျန်တော်တို့သွားချင်တဲ့ လိုင်းတစ်ခုနဲ့ ကိုက်ညီတဲ့သီချင်းတွေကို ရွေးထုတ်ပြီးတော့ ကိုယ်ရေးထားတာတွေရော၊ သူများရေးထားတာတွေကိုပါ ပေါင်းပြီးလုပ်ထားပါတယ်။ သီချင်းအားလုံးကတော့ Alternative အမျိုးအစားအပေါ်မှာပဲ အခြေခံပြီးတော့သွားပါတယ်။ အတီးပိုင်းကတော့ ပြီးသလောက်ရှိသွားပြီ။ ကျန်တော်တို့ဆိုမယ်။ ပြီးတော့ တစ်ခါတည်း VCD ရိုက်ပြီးတော့မှ ဒီနှစ်ထဲလောက်တော့ ထွက်နိုင်အောင်ကြိုးစားနေပါတယ်"
လို့ ထွက်ရှိလာတော့မယ့် အခွေနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

ဒီအခွေဟာဆိုရင် မြေပဲယိုအဖွဲ့အနေနဲ့ ၁ဝ နှစ်တာကြာမြင့်ပြီးမှ ထပ်မံပြန်လည်ထွက်ရှိလာမယ့် အ ခွေဖြစ်ပါတယ်။ အဲဒီတော့ ၁ဝ နှစ်တာအကြာမှ ပြန်လည်ဖန်တီးတဲ့အခွေရဲ့ ကွာခြားမှု၊ ပြောင်းလဲမှုတွေ ကိုတော့ မင်းမော်ကွန်းက အခုလိုပြောပြပါတယ်။

"အဓိကကတော့ ကျော်သူစိုးကမအားတဲ့အတွက် သိပ်မပါဖြစ်တော့ သီချင်းပုံစံတွေက နည်းနည်း ပြောင်းသွားတယ်။ သူကတော့ တစ်ပုဒ်စ၊ နှစ်ပုဒ်စလောက်တော့ ပါမယ်လို့ပြောပါတယ်။ ဒါပေမဲ့လည်း အခုအချိန်ထိ မလာသေးဘူး။ အဲဒီတော့ နည်းနည်းတော့ပြောင်းသွားမယ်ပေါ့နော်။ ဒါပေမဲ့လည်း အခုက ကျွန်တော်တို့ အဓိကသွားချင်တဲ့ Trend ကို ပိုပြီးတော့ရောက်ပါတယ်။ အခု ကျွန်တော်တို့ ဖြစ်နေတဲ့ စိတ်အနေအထားအရလည်း ကျွန်တော်တို့သွားချင်တဲ့၊ ကျွန်တော်တို့ရပ်တည်ချင်တဲ့ တစ်ခုကို ခိုင်ခိုင်မာမာ ရပ်တည်ထားတယ်။ အဲဒီတော့ မြေပဲယိုအဖွဲ့.. ပရိသတ်တွေဆီ ပြန်လာခဲ့ပါဦးမယ်။ အားပေးကြပါဦး” လို့ ပြောပြခဲ့ပါတယ်။

သတင်းရင်းမြစ်-ပေါ်ပြူလာ


18 Jul 2017     1,334 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment