BEC-TERO TV

အမေရိကန်အခြေစိုက်ဖို့ဒ်ကားတွေ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်မည်

25 Jul 2017     1,287 Views


အမေရိကန်အခြေစိုက်ဖို့ဒ်ကားကုမ္မဏီဟာ RMA Thailand,Capi-tal Automotive Limited(CAL)နဲ့ Capital Motors Limited (CML)တို့နဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာကားတပ်ဆင်စက်ရုံအသစ်ကို တည်ဆောက်ဖွင့်လှစ်ပါတယ်။ အဲသည်ကိစ္စနဲ့ပတ်သက်ပြီး Capital Automotive ရဲ့ ဥက္ကဋ္ဌ ဦးခင်ထွန်းက CMLကားတပ်ဆင်စက်ရုံဖွင့်လှစ်နိုင်တာဟာ ပြည်တွင်းစီးပွားရေးကဏ္ဍမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံတာကို ထောက်ပံ့ပေးနိုင်မယ့်အပြင် ဝန်ထမ်းတွေကိုလဲ လုပ်ငန်းကျွမ်းကျင်မှုအပိုင်းမှာ ကမ္ဘာ့အဆင့်မီအကောင်းဆုံး လက်တွေ့လုပ်ငန်းတွေနဲ့ မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

စက်ရုံသစ်ဖွင့်ပွဲနဲ့သက်ဆိုင်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၁ ရက်က ဖို့ဒ် မြန်မာကားအရောင်းပြခန်းမှာကျင်းပပါတယ်။ အဲသည် စက်ရုံသစ်မှာ Ford Ranger Double Cab နဲ့ Ford Everest SUV ကား အမျိုးအစားတွေတပ်ဆင်ထုတ်လုပ်မှာဖြစ်တယ်။ Ford Ranger Double Cab ကို အမေရိကန်ဒေါ်လာ ၃၄,ဝ၀ဝ ကစတင်ပြီး Ford Everest SUV ကို အမေရိကန်ဒေါ်လာ ၄၉,ဝ၀ဝ ကစတင်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ရန်ကုန်လိုင်စင်ရရှိနိုင်မှာဖြစ်တယ်။ ဒီဇယ်အင်ဂျင်ကားအမျိုးအစားတွေဖြစ်ပြီး ဆီစားနှုန်းသက်သာပါတယ်။

စက်ရုံသစ်ဖွင့်လှစ်တဲ့အထိမ်းအမှတ်အနေနဲ့ စတင်ဝယ်ယူသူတွေကို တစ်နှစ်စာအခမဲ့ ဆားဗစ်ဝန်ဆောင်မှုတွေပေးအပ်သွားမှာဖြစ်တယ်။ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ ဖို့ဒ်ရိန်းဂျားဒယ်ဘယ်ကပ်နဲ့ ဖို့ဒ်အဲဗရက်အက်စ်ယူဗီ ကားအမျိုးအစားတွေကို ရန်ကုန်နဲ့မန္တလေးမှာရှိတဲ့ ဖို့ဒ်ကား ရှိုးရွမ်းတွေမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Credit ; kumudranews

Author – အောင်ထွန်းဦး


25 Jul 2017     1,287 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS