BEC-TERO TV

ပိုက်ဆံအကြွေရှားပါးနေ ဘတ်စ်ကားစီးသူတွေနဲ့ လမ်းဘေးဈေးသည်တွေ  အခက်ကြုံရ

04 Aug 2017     1,456 Views


အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ပိုက်ဆံအကြွေ ရှားပါးမှု ပြဿနာပိုမိုကြုံတွေ့လာတာကြောင့် ဘတ်စ်ကားစီး ခရီးသည်နဲ့ လမ်းဘေးဈေးသည် အများစု အခက်အခဲ ကြုံနေရပါ တယ်။ မနေ့ကဆို ပိုက်ဆံအကြွေ ပြန်အမ်းစရာမရှိလို့ ဆေးလိပ်လာဝယ်သူတွေကို ပြန်ပြန်လွှတ်ရတယ်လို့ ပန်းဆိုးတန်းမှတ်တိုင်အနီးက လမ်းဘေးဈေးသည်တစ်ဦးက ပြောပါတယ်။ အရင်ကတော့ ကားစပယ်ယာတွေက ပိုက်ဆံအကြွေ အမြဲလဲပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတလေကျရင်လည်း ဈေးတွေမှာ ဆိုင်တချို့က အကြွေလိုချင်လို့ သူတို့ဆီက ပြန်ဝယ်ရတာတွေ ရှိတယ်။

အဲသည်အခါ ကျပ် ၁၀ဝ၀ ကို ကျပ် ၁၀ဝ လျှော့ ပုံစံနဲ့ အကြွေလဲပေးရပါတယ်။ ဗန္ဓုလပန်းခြံအနီးက လမ်းဘေးဈေးသည်တစ်ဦးက“ လောလောဆယ်တော့ အစ်မတို့က ဒီနားက အများဆုံးအိမ်သာမှာ သွားပြီး အကြွေလဲတယ်”လို့ ပြောပါတယ်။

ပိုက်ဆံအကြွေရှားလာတဲ့ အတွက် ဈေးဝယ်သူတွေကို အကြွေပေးဖို့သာ ပြောဆိုရတယ်။ လက်ရှိမှာတော့ ၅၀ ကျပ်တန်၊ ၁၀ဝ ကျပ်တန်၊ ၂၀ဝ ကျပ် တန် ငွေစက္ကူတွေ ရှားပါးနေတယ် လို့ ဆိုပါတယ်။ လမ်း ၅၀ မှတ်တိုင်ကနေ ဆူးလေကိုသွားမယ့် ကိုစည်သူဟိန်းက “ကားတွေစီးရင် အရင်တုန်းက တော့ အမြဲအကြွေဆောင်တယ်၊ အခုတော့ တော်တော်ရှာရခက်လာပါတယ်”လို့ ပြောပါတယ်။ အဲ သည်အတွက် ကားပေါ် မတက်ခင်ကတည်းက မှတ်တိုင်မှာ သွားမယ့် လမ်းကြောင်းတူသူ တွေဆီကနေ ပိုက်ဆံအမ်းထား၊ လဲထားရတယ်။ ကိုယ်က ၅၀ဝ တန်ဆိုရင် ၁၀ဝ တန်၊ ၂၀ဝ ရာတန် ကိုင်ထားသူကို လိုက်ကြည့်ရတာလည်း အလုပ်တစ်ခုဖြစ်လာတယ်လို့ ကိုစည်သူဟိန်းက ပြောပါတယ်။ ပြီးရင် သူတို့ဆီက အဲသည် ပိုက်ဆံတောင်းပြီး နှစ်ယောက် ဒါမှမဟုတ် သုံးယောက်က ပေါင်းထည့်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဆူးလေက မြောက်ဒဂုံကို သွားမယ့် ကိုမြတ်သူက “ပိုက်ဆံသာ လိုက်ရှာရတာ တစ်ခါတလေ တချို့က အကျင့်မကောင်းဘူး၊ သုံးစားမရလောက်အောင် စုတ်ပြဲ နေတဲ့ ပိုက်ဆံတွေကို ပိုက်ဆံပုံးထဲ ထည့်ကြတယ်”လို့ ပြောပါတယ်။ စပယ်ယာမပါတဲ့ ကားဆို ရင် ကိုယ်တိုင်စပယ်ယာလုပ်ပြီး အကြွေကောက်ရသူလည်း ရှိပါတယ်။ ပိုက်ဆံအကြွေပါမလာသူတွေပါ။တစ်ခါကဆို စုံတွဲတစ်တွဲ ကားပေါ်တက်လာတယ်။ ပိုက်ဆံ ရှာသလိုနဲ့ပေါ့။   ကျွန်တော်က လည်း ပိုက်ဆံအကြွေ ရှာနေတဲ့အချိန် ညီရေအစ်ကို့ အဲသည်ပိုက်ဆံ ပေးဆိုပြီး အတောင်းကောင်း လိုက်တာ၊ နှစ်ယောက်စီးလာတာကို ၁၀ဝ တန် အစုတ်တစ်ရွက်နဲ့ လို့ ကိုမြတ်သူက ပြောပါတယ်။

တချို့ဘတ်စ်ကားတွေက ယာဉ်အကူရှိပြီး တချို့ကားတွေကတော့ တစ်ခါတလေ ယာဉ်မောင်းတွေကိုယ်တိုင် ပိုက်ဆံလဲပေးတာ ရှိပါတယ်။ ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး ကုမဏီရဲ့ စီအီးအို ဦးမောင်မောင်လွင်က “ကျွန်တော်တို့ကတော့ အခုအချိန်မှာလူများတဲ့ ကားမှတ်တိုင်တွေမှာ ပိုက်ဆံအကြွေလဲပေးဖို့ ဝန်ထမ်းတွေ ခန့်ထားတယ်”လို့ ပြောပါတယ်။ မှတ်တိုင်တိုင်းမှာ ပိုက်ဆံလဲ ပေးနိုင်ဖို့ စီစဉ်ပြီး လတ်တလော အခြေအနေအရတော့ ယာဉ်လိုင်းတွေရဲ့ ဂိတ်တွေမှာ ပိုက်ဆံအကြွေလဲပေးနေတယ်လို့ ဆိုပါတယ်။ကုမဏီရဲ့ ဝန်ထမ်းတွေဟာ ကုမဏီတံဆိပ်နဲ့ အင်္ကျီအစိမ်းတွေ ဝတ်ဆင်ပြီး ပိုက်ဆံလဲပေးနေတယ်လို့ သိရပါတယ်။တချို့ကားလိုင်းတွေမှာ ကတ်စနစ်နဲ့ သွားဖို့လုပ်ဆောင်မှာတွေ ရှိပါတယ်။

Credit : kumudranews


04 Aug 2017     1,456 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS