ကလေးကို သဲကန္တာရတွင် ပစ်ထားခဲ့သော မိခင် ထောင်ဒဏ်အနှစ် ၂၀ ကျခံရ
04 Aug 2017 1,508 Views

မိခင်တိုင်းဟာ သူတို့ ၏ သားသမီးလေးများကို ကြည့်ရှုစောင့်လျှောက်ဖို့ တာဝန်ရှိပါတယ်။ အထူးသဖြင့် ကလေးတွေ ငယ်ရွယ်သေးတဲ့ အချိန်တွေမှာ ပိုပြီးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံ အရိဇိုးနားပြည်နယ်က မိခင်တစ်ဦး ဖြစ်သူကတော့ ဂရုမစိုက်တဲ့အပြင် သဲကန္တာရထဲမှာ ကလေးကို တစ်ယောက်ထဲ ထားပစ်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိတဲ့ အက်ရှလေဒီနိုက်စ် အက်တ်ဆမ် ဆိုသူ မိခင်တစ်ဦးဟာ မူးယစ်ဆေးဝါး သုံးစွဲသူတစ်ဦး ဖြစ်ခဲ့ဖူးပြီး ကိုယ်ဝန်ရှိနေစဉ်မှာတောင် ဆေးသုံးတာ မရပ်ခဲ့ပါဘူး။
အဲ့ဒီအတွက်ကြောင့် သူမရဲ့ကလေးဟာ မီသမက်တမင်းလို့ခေါ်တဲ့ ရောဂါရခဲ့ပါတယ်။ ကလေးရဲ့ မိခင်လို့တောင် ခေါ်ဖို့ မထိုက်တန်သူ တစ်ဦးဖြစ်ခဲ့တဲ့အတွက် ကလေးကို ပြုစုပျိုးထောင်ခွင့် ဆုံးရှုံးခဲ့ပြီး သူမ၏ဆွေမျိုးသားချင်း တစ်ယောက်က ကလးကို တာဝန်ယူခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ သူမဟာ ဆေးဖြတ်ခဲ့ပြီး ကလေးကို အုပ်ထိန်းခွင့် ပြန်လည် ရယူလိုကြောင်း လူမှုရေးအဖွဲ့စည်းများထံ တင်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ကလေးကို စောင့်ရှောက်ခွင့် ပြန်လည်ရခဲ့ပါတယ်။ ဒါပေမယ့် ကလေးလက်ထဲပြန်ရောက်ပြီး ၂ လအကြာမှာတော့ သူမရဲ့ မိခင်စိတ် ကင်းမဲ့တဲ့ ဗီဇကပြန်ပေါ်လာပြီး ကလေးကို ပုခက်ထဲထည့်ကာ ကန္တာရတွေဆီကို ကားမောင်းသွားခဲ့ပါတယ်။
ကန္တာရထဲရောက်တဲ့အခါမှာတော့ ကလေးကို လက်တွန်းလှည်းထဲ ထည့်ကာ ဒီတိုင်းပစ်ထားခဲ့ပြီး ကားပြန်မောင်းထွက်လာခဲ့ပါတယ်။ အဲဒီနောက် ၄ ရက်တိုင်တိုင် ကလေးကို မသေ သေအောင် ပစ်ထားခဲ့ပြီး သူမကတော့ သူငယ်ချင်းတွေနဲ့ အတူပါတီတက်ပျော်ပါးနေခဲ့ပါတယ်။ အဲဒီပုံတွေကိုတောင် သူမရဲ့ ဖေ့စ်ဘွခ်မှာ တင်ထားခဲ့ပါတယ်။
နောက်တော့ ကန္တာရဆီကို တစ်ခေါက်ပြန်သွားပြီး သေဆုံးနေတဲ့ ကလေးအလောင်းကို တိရိစ္ဆာန်အသေတွေ မြုတ်တဲ့ တွင်းထဲမှာ မြုတ်ထားခဲ့ပါတယ်။
သူမ၏ လူမဆန်သောလုပ်ရပ်ကိုဖော် ထုတ်ဖို့ အချိန်သိပ်မယူလိုက်ရပါဘူး။ သူမဟာ အဖမ်းခံရပြီး ခုံရုံးတင်စစ်ဆေးခြင်းခံရပါတယ်။ အမေရိကန်မြို့နယ်တရားသူကြီး ဒေးဗစ် ကမ့်ဘလ်မှ သူမ၏ သွေးအေး၊ ကြောက်မက်ဖွယ်ကောင်းသော အပြစ် ကင်းစင်သည့် ကလေးငယ်ကိုသတ်ဖြတ်မှု အတွက် ထောင်ဒဏ် နှစ် နှစ်ဆယ်ချမှတ်ခဲ့ပါတယ်။ တရားခုံရုံးမှ သေဆုံးသူ ကလေး၏ အမည်ကို ထုတ်ဖော်မပြောကြားခဲ့ပါဘူး။