BEC-TERO TV

အများအကျိုးဆောင်အဖြစ် ရာသက်ပန် တာဝန်ထမ်းဆောင်ခဲ့သည့် ဖိလစ်မင်းသား အသက် ၉၆ နှစ်အရွယ်တွင် အငြိမ်းစားယူ

04 Aug 2017     1,237 Views


အလိဇဘတ်ဘုရင်မ၏ဘေးတွင် အများအကျိုးဆောင်အဖြစ် ရာသက်ပန် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၉၆ နှစ် အရွယ်ရှိ ကြင်ဖက် ဖိလစ်မင်းသားက သြဂုတ် ၂ ရက်တွင် အပြီးသတ် အနားယူခဲ့သည်။ အက်ဒင်ဘာရာမြို့စားဖြစ်သည့် ဖိလစ်မင်းသားက ၁၉၅၂ ခုနှစ်တွင် အလိဇဘတ်ဘုရင်မ နန်းတက်ခဲ့ပြီးနောက် ၎င်းအတွက် ၂၂,၂၁၉ ကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ် ပြည်သူနှင့်ထိတွေ့မှု အစီအစဉ်ကို သြဂုတ် ၂ ရက်တွင် ပြုလုပ်ခဲ့သည်။ ဖိလစ်မင်းသားသည် ဘက်ကင်ဟမ်နန်းတော်တွင် Royal Marines ၏ စစ်ရေးပြပွဲကိုလည်း တက်ရောက်ခဲ့သည်။ ပရဟိတအတွက် ရန်ပုံငွေကောက်ခံရန် ၁,၆၆၄ မိုင်( ၂,၆၇၈ ကီလိုမီတာ)ခြေကျင် ခရီးကြမ်းသွားရောက်မှု ပြီးစီးခဲ့သည့် Royal Marines ၏အဖွဲ့ဝင်များကိုလည်း ဖိလစ်မင်းသားက ယင်းနေ့တွင် ဂုဏ်ပြုခဲ့သည်။

အလိဇဘတ်က ဖခင်ဖြစ်သူဆဋ္ဌမ မြောက်ဂျော့ဘုရင်ထံမှ ထီးနန်းဆက်ခံခဲ့ပြီးနောက် ၁၉၅၃ ခုနှစ်မှစပြီး ဖိလစ်မင်းသားသည် Royal Marines ၏ ဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ ယင်းအခမ်းအနားတွင် ဖိလစ်မင်းသား၏ စစ်ဘက်ဆိုင်ရာ ထမ်းဆောင်မှုကိုလည်း ဂုဏ်ပြုမည်ဖြစ်သည်။ မြို့စားဖိလစ်သည် ဒုတိယကမ္ဘာစစ်အတွင်း ရေတပ်အရာရှိတစ်ဦးဖြစ်ခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သည့် စစ်မှုထမ်းဆောင်မှုအတွက် ထင်ရှားခဲ့သည်။ သို့သော်ဘုရင်မ၏ ကြင်ဖက်ဖြစ်လာခဲ့ချိန်တွင် စစ်မှုထမ်းခြင်းကို စွန့်လွှတ်ခဲ့သည်။

ပြီးခဲ့သည့် ၆၅ နှစ်ကျော်အတွင်း ဖိလစ်မင်းသားသည် ပြည်ပခရီးစဉ် ၆၃၇ ခုကို သွားရောက်ခဲ့ပြီး မိန့်ခွန်း ၅,၅၀၀ နီးပါး ပြောကြားခဲ့သည်။ ၎င်းသည် အဖွဲ့အစည်း ၇၈၀ ကျော်၏ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနတွင် စိတ်ဝင်စားသူတစ်ဦးဖြစ်သည့် ဖိလစ်မင်းသားသည် ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက်လည်း လုပ်ဆောင်ခဲ့သူဖြစ်သည်။

၎င်း၏လူငယ် အစီအစဉ်ဖြစ်သည့် Duke of Edinburgh's Award ဆုကိုလည်း ကမ္ဘာတစ်ဝန်းတွင် ချီးမြှင့်ခဲ့သည်။ ၉၁ နှစ်အရွယ်ရှိ ဘုရင်မနှင့်အတူ မရေမတွက်နိုင်သည့် အခမ်းအနားများကို တက်ရောက်ခဲ့ပြီး အရွှန်းဖောက်ခြင်းနှင့် အပြောမှားခြင်းများအတွက် လူသိများသည့် ဖိလစ်မင်းသားက ၎င်း၏ အနားယူမည့်နေ့ အကြောင်းကို ဟာသနှောပြောကြားထားခဲ့ပြီး ဖြစ်သည်။ ဖိလစ်မင်းသားက အနားယူတော့မည့် အစီအစဉ်ကို မေတွင် ထုတ်ပြန်ခဲ့ရာ၌ ၎င်းသည် ကမ္ဘာတွင်အတွေ့အကြုံအများဆုံး မော်ကွန်းထိုးကျောက်ပြား ဖွင့်လှစ်သူဟု ဟာသနှော ပြောကြားခဲ့သည်။

Credit : news-eleven


04 Aug 2017     1,237 Views




RELATED

Most Popular of International News

Most Popular of NEWS