အွန်လိုင်းအသုံးပြုကာ ငွေညှစ်သည့် တရုပ်လူဂိုဏ်းအဖွဲ့ ကမ္ဘောဒီးယားတွင် ဖမ်းဆီးခံရ
06 Aug 2017 1,452 Views

အွန်လိုင်းကို အလွဲသုံးစားလုပ်ကာ လူမှုကွန်ယက်များပေါ်မှ ဝတ်လစ်စလစ်ပုံများကို ကာယကံရှင်များထံသို့ ပေးပို့ကာ ခြိမ်းခြောက်ငွေညှစ်မှုများ လုပ်ကိုင်နေသည့် တရုပ်အမျိုးသမီးနှင့် အမျိုးသား ၂၀၀ ကျော်ပါဝင်သော ဂိုဏ်းအဖွဲ့တစ်ဖွဲ့ကို ကမ္ဘောဒီးယား အာဏာပိုင်များက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါဂိုဏ်းအဖွဲ့ဟာ ပြည်ပမှာနေထိုင်ပြီး တရုပ်ပြည်တွင်းက သားကောင်များကို ပစ်မှတ်ထားကာ ငွေညှစ်ခြိမ်းခြောက်နေသော အဖွဲ့ဖြစ်သည်။ အင်တာနက်ကို အသုံးပြုကာ လူမှုကွန်ယက်တွင် မိတ်ဆွေဖွဲ့ခြင်း၊ ဖုန်းဆက်စကားပြောခြင်းတို့နဲ့ စတင်ကာ သားကောင်ကို တစ်ဖြည်းဖြည်းရင်းနှီးလာအောင် ဖြားယောင်းသိမ်းသွင်းကြသည်။ အတော်လေး ခရီးရောက်ပြီဆိုပါက ထိုသူထံမှ ဝတ်လစ်စလစ် ဓါတ်ပုံ ဗီဒီယိုများကို နည်းအမျိုးမျိုးနှင့် အယုံသွင်း တောင်းယူခဲ့ကြသည်။
အဲဒီနောက်မှာတော့ အဆိုပါ ဓါတ်ပုံဗီဒီယိုများဖြင့် ခြိမ်းခြောက်ကာ “အရှက်မကွဲချင်ရင် ငွေဘယ်လောက်ပေး။ မပေးရင် မင်းပုံတွေ အင်တာနက်မှာ ဖြန့်လိုက်မယ် ဒါမှမဟုတ် မင်းအလုပ်လုပ်နေတဲ့ ကုမ္ပဏီကို ပို့လိုက်ရမလား..” စသည်ဖြင့် ခြိမ်းခြောက်တောင်းဆိုကြသည်။
ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်သူ၏ အဆိုအရ ဂိုဏ်းအဖွဲ့ဟာ တစ်ပတ်လျှင် ဒေါ်လာ ၃၀,၀၀၀ မှ ၄၀,၀၀၀ ထိ ဝင်ငွေရှိကြောင်း သိရှိရသည်။ တရုပ်အာဏာပိုင်များ၏ သတင်းပေးမှုနှင့် ကမ္ဘောဒီးယားနှင့် ထိုင်းနယ်စပ်ရှိ လူနေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့ရာ တရုပ်အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၁၅ ယောက်ပါဝင်တဲ့ ဂိုဏ်အဖွဲ့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
သူတို့အားလုံးကို စစ်ဆေးမေးမြန်းခဲ့ရာ လူ ၂၀၀ ခန့်က ဒီလုပ်ငန်းထဲမှာ ပါဝင်ပက်သက်သူများဖြစ်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ အင်တာနက်အသုံးပြုကာ ရာဇဝတ်မှုကျူးလွန်သည့် ပြည်ပရောက် တရုပ်အဖွဲ့များ တိုးပွားလာလျှက်ရှိပြီး ယခုနှစ်ပိုင်းအတွင်း တရုပ်လူမျိုး ၇၄ ယောက်အပါအဝင် ဆိုက်ဘာနှင့် တယ်လီဖုန်း ရာဇဝတ်မှုကျူးလွန်သူများကို ကမ္ဘောဒီယားမှ ပြည်နှင်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်သည်။