BEC-TERO TV

အသားစား ပင်လယ်သန်းများ ဝိုင်းကိုက်လို့ သွေးပျက်ဖွယ်ကြုံခဲ့ရသူ

09 Aug 2017     1,392 Views


သြစတေးလျနိုင်ငံ မဲဘုန်းမြို့တော်မှာ ကမ်းခြေကိုသွားရောက်လည်ပတ်တဲ့ ဆယ်ကျော်သက်အရွယ်လူငယ် တစ်ဦးဟာ သွေးစုပ် ပင်လယ်သန်းများ ကိုက်ခံရမှုကြောင့် ထိတ်လန့်ဖွယ်အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အသက် ၁၆နှစ်အရွယ်ရှိ ဆမ်ကနီဇေးဟာ သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကစားပြီးချိန် ကမ်းစပ်ကရေထဲ ခြေထောက်ကို နှစ်ထားပြီး ခြေဆေးခဲ့ရာကနေ ထင်မှတ်မထားတာတွေဖြစ်ပေါ်ခဲ့ပါတယ်လို့ ဝါရှင်တန်ပို့စ်သတင်းဌာနက ဆိုပါတယ်။

 


CNNနဲ့တွေ့ဆုံမေးမြန်းရာမှာတော့ “ကျွန်တော် ရေထဲကတက်လာတော့ ဒူးခေါင်းအောက်ပိုင်းကို သဲတွေလို့ ထင်တဲ့အရာတွေနဲ့ ဖုံးလွှမ်းနေလို့ ခါချလိုက်ချိန်မှာ သွေးတွေထွက်လာပါတယ်”လို့ ဆိုပါတယ်။
ဆမ်ရဲ့အဖေဖြစ်တဲ့ ဂျရော့ကနီဇေးကတော့ “သူက..  အဖေ အပြင်ကို မြန်မြန်လာကြည့်ပါဦးလို့ပြောလို့ ကျွန်တော် သွားကြည့်ခဲ့ပါတယ်။ ကျွန်တော့်သားခြေထောက်ကို အကောင်သေးလေးပေါင်း ထောင်ပေါင်းများစွာက ဝိုင်းဝန်းကိုက်ခဲနေတာကို တွေ့ခဲ့ရပါတယ်။ ဒါနဲ့ကျွန်တော်ရယ် သူ့အမေရယ်က အရင်ဆေးကြောပေးပြီး သွေးတိတ်ဖို့ကြိုးစားခဲ့ပေမယ့် သွေးတွေဆက်ထွက်နေတာကိုတွေ့ရလို့ ဆေးရုံပို့ဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။


ဆရာဝန်တွေက သွေးတိတ်အောင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့် ဆမ်ရဲ့ခြေထောက်က အပေါက်သေးလေးပေါင်း မြောက်များစွာကနေ သွေးတွေဆက်လက်ထွက်နေဆဲပဲဖြစ်ပါတယ်။
သူ့သားခြေဆေးခဲ့တဲ့နေရာကို အသားစိမ်းအနည်းငယ်ယူသွားပြီးချလိုက်ချိန်မှာ အသားစကို အကောင်ပေါင်း မြောက်များစွာက ကိုက်ခဲနေတာကိုတွေ့မြင်ရပါတယ်။ သူတို့ဟာအသားစကသွေးကို စုတ်ယူပြီး အသားစမှာ ဆက်လက်ကပ်တွယ်နေတာကို တွေ့ရပါတယ်လို့ ဂျရော့က ဆိုပါတယ်။


ဂျရော့ဟာ ဒီဗီဒီယိုကို ယူကျူ့ပေါ်ကိုတင်ခဲ့ပါတယ်။ ဒီအကောင်လေးတွေကို ပင်လယ်သန်းလို့ခေါ်ပါတယ်။ သူတို့ဟာ ပင်လယ်မျှော့တွေလို သွေးခဲစေတဲ့အရည်မပါရှိတဲ့အတွက် သူတို့ကိုက်တာခံရရင် သွေးမတိတ်ပါဘူး။ ထို့အ တူပင်လယ်သန်းတွေမှာ အဆိပ်မပါရှိတဲ့အတွက် ဒီဒဏ်ရာဟာ ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားမှာပါလို့ အဏ္ဏဝါဗေဒကျွမ်းကျင်သူက ဆိုပါတယ်။


မြန်မာ့သံတော်ဆင့်

 


09 Aug 2017     1,392 Views




RELATED

Most Popular of Special or Others

Most Popular of NEWS