BEC-TERO TV

မှော်ဘီငါးကန် လူသတ်မှုအား ရဲတပ်ဖွဲ့ဝင်များမှ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး

09 Aug 2017     1,351 Views


သြဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျီးပင်ဆပ် ကျေးရွာနေ ဦးဟဲခူထံ ပေါက်ကုန်းကျေးရွာ မြောက်ဘက်ရှိ ငါးမွေးမြူရေး ကန်ဘောင်ပေါ်တွင် အမျိုးသားတစ် ဦးသေဆုံးနေကြောင်း ငါးကန်တာဝန်ခံဖြစ်သူမှ ဖုန်းဖြင့် အကြောင်းကြားလာခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကန်ဘောင်ပေါ်တွင် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမှာ ဦးခေါင်းနောက်စေ့နှင့်လည်ဂုတ်တို့တွင် ပြတ်ရှာဒဏ်ရာများရရှိကာ ဘေးတစ်စောင်းအနေအထားဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။


ဆက်လက်စစ်ဆေးရာ သေဆုံးသူ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ သက်လွင်ဦးအမည်ပါ ၇/လပတ(နိုင်)---- နိုင်ငံသားစိစစ်ရေးကတ်တစ်ခု တွေရကြောင်းနှင့် ယင်းသို့ သေဆုံးအောင်ပြုလုပ်သူအား အရေးယူပေးရန်တိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း(ပ)၈၇၄/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။


အမှုနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် မှော်ဘီမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့သွားရောက်ကာ အသေးစိတ် စစ်ဆေးရှာဖွေဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ပတ်သက်သည့် အချက်အလက်များ တိုက်ဆိုင်စစ်ဆေး အတည်ပြုခဲ့ရာ သေဆုံးသူမှာ လက်ပံတန်းမြို့နယ်နေ ဝင်းလွင်ဦး၊ (၂၈)နှစ်ဖြစ်ပြီး ၎င်းသည် ညီဖြစ်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို ယူဆောင်ကာ ရန်ကုန်မြို့သို့ အလုပ်လုပ်ကိုင်ရန် ထွက်လာခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။


အမှုမှန်ဖော်ထုတ်နိုင်ရေး ဆက်လက်စုံစမ်းခဲ့ရာ သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ တောကြီးကျေးရွာနေ သေဆုံးသူ၏ ဦးလေးတော်စပ်သူထံ ဇော်မိုးနှင့် အတူလာရောက်၍ အရက်သောက်ပြီးနောက် ည ၇နာရီအချိန်ခန့်တွင် ပြန်သွားကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဇော်မိုး နေထိုင်ရာ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာသို့ သွားရောက်၍ စုံစမ်းရှာဖွေရာ မတွေ့ရှိဘဲ ၎င်း၏ ဇာတိ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာသို့ ပြန်သွားကြောင်း သိရှိခဲ့ရသည်။


ရဲတပ်ဖွဲ့ဝင်များက အမှုဖြင့် မသင်္ကာသူ ဇော်မိုးအား ထိန်းသိမ်းစစ်မေးနိုင်ရေး ၎င်းနေထိုင်ရာသို့ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ သြဂုတ်လ ၉ရက်နေ့ နံနက် ၄နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်မှပင် ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူ ဇော်မိုးအား စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၎င်းနှင့် သေဆုံးသူ ဝင်းလွင်ဦး၏ ဇနီးဖြစ်သူမှာ တူမတော်စပ်ပြီး ဝင်းလွင်ဦးမှ တူမဖြစ်သူအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အိမ်ထောင်တာဝန် မကျေပွန်ခြင်းတို့ကြောင့် မကျေမနပ်ဖြစ်ကာ ဓားဖြင့်
ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဇော်မိုး၊ (၃၅)နှစ်အား အမှုဖွင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းရင်းမြစ်−ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 


09 Aug 2017     1,351 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS