ရန်ကုန်မှာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း အမှုကြီးအပါဝင် မှုခင်းပေါင်း(၁၀၀)ကျော် လျော့ကျ
09 Aug 2017 1,468 Views
ရန်ကုန်တိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မှုခင်းဖြစ်စဉ်ဖြစ်ပွားတာတွေဟာပြီးခဲ့တဲ့ ဇွန်လကထက် အမှုကြီးအပါဝင် မှုခင်းပေါင်း(၁၀၀)ကျော်လျော့ကျခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ အမှုကြီး(၁၀)မျိုးအနက် ဇူလိုင်လမှာ လူသတ်မှု(၁၄)မှု၊လုယက်မှု(၃)မှု၊မုဒိမ်းမှု(၁၂)မှု ဖြစ်ပွားခဲ့ပြီး ဇွန်လကထက် လူသတ်မှု(၁)မှု၊ လုယက်မှု(၁)မှုနဲ့ မုဒိမ်းမှု(၇)မှုလျော့ကျခဲ့တာလဲဖြစ်ပါတယ်။ ဇူလိုင်လအတွင်း အခြားအမှုပေါင်း(၁၂၅၁)မှုဖြစ်ပွားခဲ့ပြီး ဇွန်လကထက် ခိုးမှုအမျိုးမျိုးက(၁၈)မှု၊ နာကျင်စေမှုတွေက (၇၂)မှုအပါအ၀င် အခြားအမှုပေါင်း(၁၀၀)အထိလျော့ကျခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ဇူလိုင်လအတွင်း အမှုကြီး(၁၀)မျိုးအပါဝင် အခြားအမှုတွေနဲ့မှုခင်းဖြစ်စဉ် စုစုပေါင်း(၁၀၉)မှု လျော့ကျခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ကြိုတင်ကာကွယ်ဖမ်းဆီးမှုတွေအဖြစ် လက်နက်ပုန်း၊ လောင်းကစား၊ပြည့်တန်ဆာ၊ကျင့်၅၄၊ယစ်မျိုး၊ရဲအက်၊ခြေချူပ်၊မူးယစ်ဆေးဝါး၊ဆင်ဆာမဲ့ဗီဒီယို၊ မော်တော်ယာဉ်စတွေကို လိုက်လံဖမ်းဆီးခဲ့ပြီး အမှုပေါင်း(၄၈၀၀)ကျော်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လအတွင်း ကြိုတင်ကာကွယ်ဖမ်းဆီးမှုတွေဟာလဲ ဇွန်လကထက်တော့ အမှုပေါင်း(၁၀၀၀)ကျော် လျော့ကျခဲ့တယ်လို့လဲ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရသိပါတယ်။







