ထိုင်းတွင် မှတ်ပုံတင်သည့်ရွှေ့ပြောင်းလုပ်သား ၇ သိန်းကျော်ရှိလာ
11 Aug 2017 1,339 Views
ထိုင်းနိုင်ငံမှာ ဇူလိုင်လ(၂၄)ရက်တုန်းကစတင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေ တရားဝင် မှတ်ပုံတင်ရေးစတင်ကတည်းက မှတ်ပုံလာတင်တဲ့ ရွှေ့ပြောင်းလုပ်သား ၇ သိန်းအထိရှိထားတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။သြဂုတ်လ ၇ ရက်ဟာ ရွှေ့ပြောင်းလုပ်သားတွေ မှတ်ပုံတင်ရမယ့်နောက်ဆုံးရက်ဖြစ်တာကြောင့် ထိုင်းလုပ်ငန်းရှင်အများစုဟာ စာရွက်စာတမ်းမဲ့ အလုပ်သမားတွေကို အလုပ်သမားဝန်ကြီးဌာနကဖွင့်ထားတဲ့ နိုင်ငံတစ်ဝန်းက ယာယီမှတ်ပုံတင် စင်တာ(၁၀၁)ခုမှာ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။
ပြည်ပကလာတဲ့ရွှေ့ပြောင်းလုပ်သားတွေ အားလုံးအနေနဲ့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှာ မှတ်ပုံတင်ဖို့လိုအပ်တာဖြစ်ပြီး တရားမ၀င်နဲ့စာရွက်စာတမ်းမဲ့ ရွှေ့ပြောင်းလုပ်သား တွေအနေနဲ့ ရက်ပေါင်း ၁၈၀ အတွင်း မှတ်ပုံတင်ဖို့ ထိုင်းအစိုးရက သတ်မှတ်ထားတာဖြစ်ပါတယ်။ မှတ်ပုံတင်တဲ့ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ မြန်မာအလုပ်သမားခြောက်သိန်းခြောက်သောင်း ကျော်၊ကမ္ဘောဒီးယားနိုင်ငံသားအလုပ်သမား နှစ်သိန်းနီးပါးနဲ့ လာအိုနိုင်ငံသားအလုပ်သမား ရှစ်သောင်းခြောက်ထောင်အထိရှိပါတယ်။
အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်နဲ့အတူ မှတ်ပုံတင်တဲ့အဆင့်ပြီးတဲ့နောက်မှာ အလုပ်ခန့်ထားမှုဆိုင်ရာသတ်မှတ်ချက်တွေနဲ့ အလုပ်သမားတွေဘယ်နိုင်ငံသားဖြစ်တယ်ဆိုတဲ့ စိစစ်မှုတွေထပ်မံပြုလုပ်မှာဖြစ်ပါတယ်။မှတ်ပုံတင်ဖို့ကျန်ရှိနေသူတွေကတော့ နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေးဥပဒေအရထုတ်ပြန်တဲ့ အမိန့်မှာပါတဲ့အတိုင်း ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ ဒီအမိန့်ကို ဇွန်လ ၂၃ ရက်မှာ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။